Tesla ကား နောက်ဆုတ်နေတုန်း ဝင်တိုက်ခံရတယ် လို့ စွပ်စွဲ ပြောဆိုသူ အမှုရှံးနိမ့်အောင် ကားမှာပါတဲ့ ကင်မရာက မှတ်တမ်းတင်ပြီး သက်သေထူပြနိုင်စေခဲ့ပါတယ်။
ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားပုံ ဗီဒီယိုမှတ်တမ်းကို ၎င်းရဲ့ Facebook စာမျက်နှာမှာ တင်ပြပြီး အမှုအခင်းကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံ လူစီယာနားပြည်နယ် စလိုက်ဒဲမြို့ရှိ ဓာတ်ဆီဆိုင်အနီး ယာဉ်ရပ်နားရန်နေရာမှာ အခင်းဖြစ်ပွားခဲ့တယ်။
သောကြာနေ့ မွန်းလွဲပိုင်းမှာ အသက် ၄၃ နှစ်ရှိ Arthur Bates Jr., က လမ်းသားပေါ် ဒူးထောက်တဲ့ အနေအထားကို ကားနောက်ဘက်မှာ အရင် ရယူလိုက်ပြီး နောက်ဆုတ်နေတဲ့ ကားက သူ့ကို ဝင်တိုက်မိလို့ သူနောက်ပြန် လဲကျ သွားဟန် ဆောင်တာကို ဗီဒီယို မှတ်တမ်းမှ မြင်တွေ့ရပါတယ်။
ယာဉ်မောင်းက မဖြုံဘူး။ ကားကိုရပ် ကားပေါ်ကဆင်းပြီး ကားနောက်ဘက်ကို ရောက်လာတယ်။ ကားပေါ် တင်ထားတဲ့ ခြေထောက်ကို ခပ်ဆတ်ဆတ် တွန်းဖယ်လိုက်တယ်။
မှတ်တမ်းဗီဒီယိုက အသံမဖမ်းထားတော့ သူတို့နှစ်ယောက် ဘာတွေ ပြောဆိုကြသလဲ မသိရဘူး။
နောက်တော့ လဲကျနေသူကို ထားရစ်ခဲ့ပြီး ကားထွက်သွားတယ်။
ကားတိုက်ခံရဟန်ဆောင်သူက လမ်းသားပေါ် ဆက်လဲနေရင်း ဒဏ်ရာကြောင့် လဲနေတယ်လို့ ဆက်ဟန်ဆောင်တယ်။ ရဲကို 911 အရေးပေါ်ဖုန်းနံပါတ်ဖြင့် လှမ်းခေါ်တယ်။
သူ့ကို Tesla ကားနောက်ဆုတ်ရင်း ဝင်တိုက်မိတယ်။ သူက လဲကျသွားတယ်။ ယာဉ်မောင်းက သူ့ကို ဆင်းကြည့်ပြီး ဘာမှ လုပ်မပေးဘဲ မောင်းထွက်သွားတယ်လို့ တိုင်ကြားတယ်။
သူက နောက်ကျော၊ ခြေထောက်နဲ့ လည်ပင်းတို့ ထိခိုက်ထားတယ်လို့ ပြောတာကြောင့် လူနာတင်ကား ခေါ်ပေးခဲ့ရတယ်။
ရဲအရာရှိက Arthur Bates ပေးတဲ့ ကားနံပါတ်ဖြင့် ရှာဖွေတော့ ယာဉ်မောင်းကို ရှာတွေ့သွားတယ်။
ယာဉ်မောင်းက အကျိုးအကြောင်း ရှင်းပြတယ်။ ကားကင်မရာက ရိုက်ပေးထားတဲ့ မှတ်တမ်းဗီဒီယိုလည်း ပြသတယ်။
Arthur Bates ကကားတိုက်ခံရတယ်လို့ လိမ်ညာ ပြောဆိုတာ ပေါ်လွင်နေတယ်။
ရဲက Arthur Bates ကို ပြန်စစ်ဆေးတော့ သူက ဝန်ခံတယ်။ သူ့ကို အမှုဖွင့်ပြီး အရေးယူလိုက်တယ်။