Mercedes-Benz Myanmar မှ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် စျေးကွက်ထဲ စတင်မိတ်ဆက်ခဲ့သော Compact SUV ကားမျိုးအစား GLA-180 သည် ဆန်းသစ်လှပသောဒီဇိုင်း၊ အဆင့်မြင့်နည်းပညာ၊ ကောင်းမွန်သော လုံခြံုရေးစနစ်များကြောင့် SUV ကားအမျိုးအစားများကို ကြိုက်နှစ်သက်သောသူများအတွက် ဆွဲဆောင်မှုအပြည့်အဝပေးနိုင်မည့် ကားတစ်စီးဖြစ်ပါသည်။
Mercedes-Benz GLA-180 ကို ကိုယ်ထည်အလေးချိန်ပေါ့ပါးပြီး ကြံ့ခိုင်မှုရှိရန် ထုဆစ်ပုံဖော်ထားပါသည်။
Automatic Panoramic Sliding Sunroof ပါရှိသကဲ့သို့ စီးနင်းသူများ ငြိမ့်ညောင်းသက်သာစေမည့် Suspension၊ AMG Performance Body Style နှင့် Night Package တို့ကိုလည်း Customer စိတ်ကြိုက် ရွေးချယ်မှာယူနိုင်မည်ဖြစ်ပါသည်။
ထို့နောက် လှပသေသပ်လိုက်ဖက်သော အမိုးကိုင်း၊ အလင်းစူးအားနှင့် အပူချိန်ကို ကာကွယ်ပေးနိုင်သော အပူခံမှန်အမည်းများ တပ်ဆင်ထားပါသည်။
နောက်ကြည့်ကင်မရာပါဝင်သကဲ့သို့ ပါကင်ထိုးရာတွင် ထောက်ပံ့ပေးမည့်စနစ်၊ တာယာလေပေါင် အနည်းအများကို ပြသပေးမည့်စနစ်၊ အလိုအလျောက် ထိန်းညှိပေးမည့် ရှေ့မီးစနစ်၊ ရာသီဥတုအပေါ်မူတည်ပြီး Sensor နှင့် အလိုအလျောက်လုပ်ဆောင်ပေးမည့် Wiper စနစ်များပါရှိသကဲ့သို့ ၁၇ လက်မ အလွိုင်း တပ်ဆင်ထားပါသည်။
Mercedes-Benz GLA-180 သည် ငါးယောက်စီး Compact SUV အမျိုးအစားဖြစ်ပြီး စီးနင်းသူများ သက်သောင့်သက်သာဖြစ်မည့် ထိုင်ခုံများနှင့် လက်တင်များ ထည့်သွင်းတပ်ဆင်ထားသကဲ့သို့ အပူအအေးအလိုအလျောက်ထိန်းညှိပေးမည့် စနစ်များလည်း ပါရှိပါသည်။
Harman Kardon Logic 7 စနစ်ကို အသုံးပြုထားသည့်အတွက် Auto စနစ်လည်း ကောင်းမွန်ပြီး Keyless-Go နည်းပညာ၊ နည်းပညာလေးမျိုးနှင့် ချိန်ညှိပေးမည့် ကျောမှီစနစ်များလည်း ပါဝင်ပါသည်။
GLA-180 သည် အင်ဂျင်ပါဝါ ၁၅၉၅ စီစီ ရှိပြီး မြင်းကောင်ရေ ၁၂၂ ကောင်အားဖြစ်ပါသည်။
အိပ်ဇောဓာတ်ငွေ့ ထုတ်လုပ်ခြင်း နည်းပညာ Euro 4 အဆင့်ရှိသည့်အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်နှုန်းက ၁၃၈-၁၃၃ သာ ရှိပါသည်။
ထို့အပြင် သုညကီလိုမှ ကီလိုတစ်ရာ အရှိန်ရောက်ရန် အချိန် ၈ ဒသမ ၉ စက္ကန့်သာ ကြာမြင့်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံက စက်သုံးဆီအရည်အသွေးနှင့် သင့်တော်အောင်ထုတ်ထားပြီး အကောင်းဆုံးစွမ်းဆောင်ရည် ရရှိမည်ဖြစ်သကဲ့သို့ ဆီစားနှုန်း သက်သာမည်ဖြစ်ပါသည်။
GLA-180 တွင် လုံခြံုရေးစနစ်အပြည့်အဝပါဝင်ပြီး ကားမြင်ကွင်းကွယ်သော အနေအထားတွင် နောက်ကားကျော်တက်မည်ဆိုလျှင် အချက်ပြပေးသော Blind Sport Assist စနစ်၊ ယာဉ်မတော်တဆဖြစ်ခါနီး အခြေအနေတွင် ၉၀ ရာခိုင်နှုန်းအထိ အလိုအလျောက် ဘရိတ်အုပ်ပေးမည်ဖြစ်သကဲ့သို့ ဘရိတ်အုပ်ရန်လည်း အသံနှင့် သတိပေးမည့် Active Brake Assist စနစ်၊ ပုံမှန်မောင်းနှင်သော ယာဉ်ကြောမှ တစ်ဖက် ယာဉ်ကြောကို သွေဖည်မသွားအောင် ထိန်းချုပ်ပေးသော Lane Keep Assist စနစ်၊ မတော်တဆ ယာဉ်တိုက်မှုဖြစ်နိုင်သော
အနေအထားသို့ရောက်မည်ဆိုလျှင် ယာဉ်မောင်းမြင်သာအောင် အသိပေးပြီး မောင်းနှင်သူဘရိတ်အုတ်ရန် နှောင့်နှေးနေချိန်တွင် Semi Autonomous System ဖြစ်သော Collision Prevention Assist စနစ်က လုပ်ဆောင်ပေးမည့် နည်းပညာများ ပါဝင်ပါသည်။
ဘေးမှန်ပေါင်နှင့် ယာဉ်မောင်းဒူးနားတွင် လေအိတ်များပါရှိသည့်အတွက် ယာဉ်မတော်တဆဖြစ်ခဲ့လျှင် ကားထဲတွင် ပါဝင်သူများကို ရာခိုင်နှုန်းတစ်ခုအထိ ကာကွယ်ပေးမည်ဖြစ်သကဲ့သို့ အရေးပေါ် မီးသတ်ဆေးဘူးများ ပါရှိသည့်အတွက်လည်း စီးနင်းသူများကို အပြည့်အဝ ကာကွယ်ပေးမည်ဖြစ်ပါသည်။
GLA-180 Brand New ကားသစ်ကို ဒီဇိုင်းဆန်းဆန်းနှင့် ထုတ်လုပ်ထားသည့်အတွက် လူငယ်များ အကြိုက်တွေ့စေမည့် ပုံစံမျိုးဖြစ်ပြီး Mercedes-Benz Myanmar Showroom တွင် အမေရိကန်ဒေါ်လာ ၉၈၀၀၀ ဝန်းကျင်ဖြင့် မှာယူနိုင်မည်ဖြစ်ပါသည်။
အာမခံအနေဖြင့် ၂နှစ်၊ ကီလို ၅၉၀၀၀ ရရှိနိုင်ပြီး Service သုံးနှစ်လည်း ဝန်ဆောင်မှုရရှိမည်ဖြစ်ပါသည်။