Mercedes-Benz မှ X-Class pick-up မိုဒယ်အသစ်ကို ၂၀၁၇ ခုနှစ်နှစ်ကုန်ပိုင်းလောက်တွင် မိတ်ဆက်ပြသမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် ကြိုတင်အော်ဒါမှာထားသူများဆီ စတင်ရောင်းချ ပေးတော့မည်ဖြစ်ကြောင်းသိရသည်။
Mercedes X-Class တွင် ကုန်ပစ္စည်းအလေးချိန် တစ်တန်ခန့်တင်နိုင်သည့် အရွယ်အလတ်စား Pick-up ကားဖြစ်ပြီး ငါးယောက်စီးနင်းနိုင်သည့် Double Cab အမျိုးအစားလည်းဖြစ်ပါသည်။
တရားဝင်မိတ်ဆက်ပြသခြင်းမရှိသေးသော်လည်း ကြိုတင်ထွက်ပေါ်နေသည့် ပုံများအရ Mercedes X-Class သည် တခြား Pick-up ကားများနှင့် သိသိသာသာကွဲပြားခြားနားမှုရှိနေပါသည်။
ကား၏ ရှေ့ပိုင်းမှာ ခံ့ခံ့ညားညားနှင့် အမြင်ဆန်းသစ်သကဲ့သို့ LED ရှေ့မီးလုံးများမှာ သာမာန်ထက်သေးငယ်ပြီး အပေါ်ဘက်ရောက်နေသောကြောင့် ပြိုင်ကားတစ်စီးကို မြင်ရသကဲ့သို့ဖြစ်စေပါသည်။
ထို့ပြင် Mercedes ၏အမှတ်တံဆိပ်သုံးမြှောင့်ကြယ်ကိုလည်း ထင်းခနဲမြင်တွေ့နိုင်မည်ဖြစ်ပါသည်။
ကားဘီးခွေမှာ ၂၂ လက်မအချင်းရှိပြီး တာယာအကြီးစားတပ်ဆင်ထားပါသည်။
ကားနောက်မီးကို ပုံမှန်ပုံစံခွဲထွက်ပြီး နောက်ဖုံးပေါ်တွင် ဘဲဥပုံတပ်ဆင်အသုံးပြုရန်စီစဉ်ထားပါသည်။
အင်ဂျင်မှာ မြင်းကောင်ရေ ၂၆၁ ကောင်အားရှိသော Mercedes V6 ဒီဇယ်အင်ဂျင်ဖြစ်ပြီး လေးဘီးယက်ကား ဖြစ်သော်လည်း နောက်ဘီးယက်စနစ်ကို ပြောင်းလဲနိုင်ပါသည်။
ဂီယာစနစ်ကို ဈေးကွက်တောင်းဆိုသည့်အတိုင်း Auto နှင့် Manual နှစ်မျိုးစလုံးထုတ်လုပ်ပေးသွားမည် ဖြစ်ပါသည်။
ထို့ပြင် တချို့ဈေးကွက်များအတွက် ဆလင်ဒါလေးလုံးထိုး ဓာတ်ဆီအင်ဂျင်တပ် Mercedes X-Class ကိုလည်းထုတ်လုပ်ပေးသွားဦးမည်ဖြစ်ပါသည်။
မောင်းနှင်သည့်အခါ ကားတုန်ခါမှု လျော့နည်းစေမည့် မတူညီသောစနစ်ငါးမျိုးအထိပါဝင်သောကြောင့် လမ်းကြမ်းများတွင်တောင်မှ အရှိန်ပြင်းပြင်းနှင့် တည်တည်ငြိမ်ငြိမ်မောင်းနှင်လို့ရမည်ဖြစ်ပါသည်။
ကားအတွင်းပိုင်းပြင်ဆင်ထားပုံမှာ မဟောဂနီရောင် ဒက်ရှ်ဘုတ်၊ ခရင်မ်ရောင် သားရေထိုင်ခုံတွေမှာ လက်ရာမြောက်သကဲ့သို့ ယင်းကားအမျိုးအစားတွင် ပါဝင်နေကျ နည်းပညာအားလုံးပါဝင်မည်ဖြစ်ပါသည်။
ကားထဲတွင် မိုဘိုင်းဆင်းမ်ကတ်ထည့်ပြီး Mercedes App မှတဆင့် မိမိကားတည်နေရာနှင့် အချက်အလက်များကို စစ်ဆေးနိုင်မည်ဖြစ်ပါသည်။
အရေးပေါ်သုံးစွဲရန် မီးသတ်စနစ်ကိုလည်း ထည့်သွင်းထားပြီး နောက်ဘက်မှ ပစ္စည်းအတင်အချလုပ်ရန် တံခါးကို အီလက်ထရွန်းနစ်စနစ်ဖြင့် သုံးစွဲနိုင်မည်ဖြစ်ပါသည်။
အရေးပေါ်အလိုအလျောက် ဘရိတ်ဖမ်းစနစ် AEB၊ ၃၆၀ ဒီဂရီကြည့်နိုင်သော ကင်မရာစနစ်များအပြင် မောင်းသူကို အထောက်အကူပေးမည့် တခြားအဆင့်မြင့်နည်းပညာများပါဝင်မည်ဖြစ်ကြောင်းသိရသည်။
Mercedes X-Class ကားများကို စပိန်နှင့် အာဂျင်တီးနားနိုင်ငံများတွင်ရှိသော စက်ရုံများတွင်ထုတ်လုပ်ပြီး ၂၀၁၇ ခုနှစ် နှစ်ကုန်လောက်တွင်ဥရောပဈေးကွက်ထဲ စတင်ဖြန့်ချိမည်ဖြစ်ပါသည်။
တောင်အမေရိကဈေးကွက်ကို ၂၀၁၈ ခုနှစ်နှစ်ဆန်းပိုင်းတွင် ထိုးဖောက်မည်ဟု သိရပါသည်။