Mitsubishi ကုမ္ပဏီမှထုတ်လုပ်ထားသော ၂၀၁၆ မိုဒယ် Compact SUV ကားအမျိုးအစား ASX ဖြစ်ပါသည်။
ကားရှေ့ရှဲလ်(Grille) ကို ဆဌဂံပုံစံ နှစ်ထပ်ရှဲလ်အနေဖြင့် ဖန်တီးထားသောကြောင့် အမျိုးအစားတူကားများထဲတွင် ဆန်းပြားသောဒီဇိုင်းအနေဖြင့် မြင်တွေ့ရမည်ဖြစ်ပါသည်။
မျက်နှာစာတစ်ဖက်မှာ ဒီဇိုင်းလှပသော LED Halogen မီးများတပ်ဆင်ထားပြီး အောက်ဘက်တွင် DRL မီးများနှင့် ဝန်းရံထားသောနှင်းခွဲမီးတစ်စုံတပ်ဆင်ထားပါသည်။
နောက်ကြည့်မှန်များက Power Folding ပြုလုပ်နိုင်ပြီး အချက်ပြမီးများကိုလည်းထည့်သွင်းတပ်ဆင်ထားပါသည်။
တံခါးလက်ကိုင်များကိုလည်း ကိုယ်ထည်အရောင်အတိုင်းပြုလုပ်ထားပြီး ခေါင်မိုးမှာ အနက်ရောင် Roof Rails တန်းကို တပ်ဆင်ထားပါသည်။
ကားဘီးမှာ ၁၈ လက်မအရွယ်အလွိုင်းခွေတပ်ဆင်အသုံးပြုထားပြီး ကားနောက်ပို်င်းတွင် ခရိုမီယမ် အိပ်ဇောကိုတပ်ဆင်ထားပါသည်။
အတွင်းခန်းမှာ သားရေထိုင်ခုံများထည့်သွင်းတပ်ဆင်အသုံးပြုထားပြီး လူငါးယောက်အထိ ချောင်လည်စွာ စီနင်းလိုက်ပါနိုင်ပါသည်။
Keyless entry ဖြစ်သောကြောင့် သော့မလိုပဲ တံခါးဖွင့်/ပိတ်ပြုလုပ်နိုင်ပြီး အင်ဂျင်ကိုလည်း Push-start-button နှင့်အလွယ်တကူစက်နှိုးနိုင်ပါသည်။
အီလက်ထရွန်းနစ် ပါဝါစတီယာရင်မှ Audio control,Cruise Control စနစ်များကို ထိန်းချုပ်နိုင်ပါသည်။
Climate Control, Auto Aircon စနစ်ဖြစ်သောကြောင့် စီးနင်းသူများ သက်သောင့်သက်သာနှင့် ဇိမ်ကျကျလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပါသည်။
2WD ဖြစ်သော ASX မှာဆလင်ဒါလေးလုံးထိုး 2.0L MIVEC အင်ဂျင်တပ်ဆင်အသုံးပြုထားပါသည်။
ယင်းအင်ဂျင်သည် မြန်မာနိုင်ငံနှင့် ကိုက်ညီပြီး ဆီစားနှုန်းလည်း သက်သာပါသည်။
ဂီယာမှာ 5 Speed Automatic ဂီယာအသုံးပြုထားပါသည်။
လုံခြုံရေးစနစ်အနေဖြင့် Anti-Lock Braking System (ABS), Electronic Brake-Force Distribution(EBD),Brake Assist(BA),Hill-Start Assist System(HAS) စသောနည်းပညာမြင့် လုံခြုံရေးစနစ်များအသုံးပြုထားပါသည်။
မတော်တဆဖြစ်နေသည့်အချိန်တွင် စီးနင်းသူများကိုအပြည့်အဝကာကွယ်ပေးရန် SRS Airbag ခြောက်လုံးထည့်သွင်းတပ်ဆင်ထားပါသည်။
၂၀၁၆ မိုဒယ်ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၉,၉၀၀ ဝန်းကျင်ဖြစ်ပြီး Mitsubishi ကားအရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။
ဝန်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားကြောင်းသိရသည်။