ကျပ်သိန်း ၁၅၀ တန်ဖိုးရှိသော Mitsubishi ကားကုမ္ပဏီ၏ ဆဋ္ဌမမျိုးဆက်ဖြစ်သော Mitsubishi Mirage


Mitsubishi ကားကုမ္ပဏီမှ ၂၀၁၁ ခုနှစ်တွင် စျေးကွက်အောင်မြင်မှုရရှိခဲ့သော Colt ထုတ်လုပ်မှုအဆုံးသတ်ခဲ့ပြီး ထိုကား၏ နေရာတွင် Mirage ကို အစားထိုးထုတ်လုပ်ခဲ့ပါသည်။

Mirage သည် Colt ၏ မျိုးဆက်တစ်ခုဖြစ်သော်လည်း ထိုကားကို ၁၉၇၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Colt  ပုံပြောင်းဟုဆိုသော်လည်း Mirage သည် ပုံသဏ္ဍာန်ကျစ်လျစ်လှပပြီး အင်ဂျင်ပါဝါကလည်း ၁၀၀၀ စီစီနှင့် ၁၂၀၀ စီစီသာရှိ၍ မြို့တွင်းတွင် မောင်းနှင်ရန် အဆင်ပြေမည့် ကားအမျိုးအစားဖြစ်ပါသည်။

၁၉၇၈ ခုနှစ်ကတည်းက စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သော Mirage သည် မျိုးဆက် ခြောက်ခုအထိ ရှိသကဲ့သို့ မျိုးဆက်တစ်ခုနှင့် တစ်ခုမှာလည်း ပုံသဏ္ဍာန်ရော အမျိုးအစားပါ ကွဲပြားပါသည်။

စတင်ထုတ်လုပ်ခဲ့သော မိုဒယ်မှ ၂၀၀၃ မိုဒယ်အထိ မျိုးဆက်ငါးဆက်အထိရှိခဲ့ရာ Hatchback၊ Sedan၊ Wagon ဟုဆို၍ အမျိုးအစားသုံးမျိုးအထိ ထုတ်လုပ်ခဲ့ပါသည်။

၂၀၀၃ မိုဒယ်နောက်ပိုင်းတွင် Mirage ၏ ထုတ်လုပ်မှု ခေတ္တရပ်ဆိုင်းခဲ့ပြီး ၂၀၁၂ ခုနှစ်ရောက်မှသာ Colt နေရာကို အစားထိုးဝင်ရောက်ရန်အတွက် ဆဋ္ဌမမြောက်မျိုးဆက်အဖြစ် ပြန်လည်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Mirage Hatchback သည် အင်ဂျင်ပါဝါ ၁၀၀၀ စီစီနှင့် ၁၂၀၀ စီစီ နှစ်မျိုးရှိပြီး ဆလင်ဒါ သုံးလုံးထိုးအင်ဂျင်၊ CVT ဂီယာဖြင့်ထုတ်လုပ်ထားပါသည်။

၁၀၀၀ စီစီ အင်ဂျင်ကို ဂျပန်ပြည်တွင်းအတွက်သာ ထုတ်လုပ်ထားခြင်းဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများသို့ ရောင်းချသောကားများကို ၁၂၀၀ စီစီ အင်ဂျင်ဖြင့် ထုတ်လုပ်ထားပါသည်။

ဆီစားနှုန်းသက်သာရန်အတွက် Eco Mode စနစ်ကို ထည့်သွင်းထားပြီး ဂရိတ်မြင့်ကားများတွင် Push-start (Auto Stop & Go) စနစ်လည်း ပါဝင်ပါသည်။

တံခါးငါးပေါက် Hatchback ကားဖြစ်ပြီး အပြင်ဒီဇိုင်းက ကျစ်လျစ်လှပပြီး အားကောင်းသော Steel အမျိုးအစားတစ်ခုက်ု ထည့်သွင်းတည်ဆောက်ထားပါသည်။

Aerodynamic ဖြစ်အောင် တည်ဆောက်ထားပြီး Spoiler ပါရှိသည့်အတွက်လည်း လေခွင်းအားကောင်းမွန်ပါသည်။

Mirage ၂၀၁၂ မိုဒယ်တွင် E၊ M၊ G စသော ဂရိတ်သုံးမျိုးသာရှိပြီး M ဂရိတ်နှင့် G ဂရိတ်က  Aircon Auto ဖြစ်သွားပါသည်။

Mitsubishi Mirage ၂၀၁၅ မိုဒယ်ကို ဘယ်မောင်းအနေဖြင့် တင်သွင်း၍ရပြီး နယ်လိုင်စင်ဆိုပါက ကျပ်သိန်း ၁၇၀ မှ ၁၈၀ ကြား ကျသင့်မည်ဖြစ်ပြီး ရန်ကုန်လိုင်စင်နှင့် နံပါတ်နိမ့်ကားများမှာ ကျပ်သိန်း ၁၅၀ ဝန်းကျင်ရှိပါသည်။

 

Read 1855 times