Mitsubishi Motors အာဖရိကမှာ ၁၀ နှစ်ကြာပြီးနောက် ကားများ ပြန်လည်ထုတ်လုပ်


 Mitsubishi Motors အာဖရိကမှာ ၁၀ နှစ်ကြာပြီးနောက် ကားများ ပြန်လည်ထုတ်လုပ်

Mitsubishi Motors က အာဖရိကရှိ  ကင်ညာနိုင်ငံတွင် အငယ်စား လုပ်ငန်းသုံးယာဉ်များကို ဩဂုတ်လအစောပိုင်းတွင် စတင်ထုတ်လုပ်တော့မည်ဖြစ်သည်။ 

၂၀၂၁ ခုနှစ်တွင်  သဘောတူညီချက် ရရှိခဲ့သော ဒေသတွင်း အကောက်ခွန်မဲ့ ကုန်သွယ်မှုသဘောတူညီချက်အရ မကြာမီကာလအတွင်း အာဖရိက၌ သွင်းကုန်အတွက် စည်းကြပ်ခွန်များ ရုတ်သိမ်းသွားဖွယ်ရှိသဖြင့် ကင်ညာတွင် ကားထုတ်လုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

အာဖရိကနိုင်ငံများအကြား အခွန်စည်းကြပ်မှုများမရှိ‌ေတာ့သည်ကုိ အခွင့်ကောင်း ရယူရန် အာဖရိကတိုက်ရှိ နိုင်ငံများတွင် မော်တော်ယာဥ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းမှုများ အရှိန်မြင့်လာသည်။  Isuzu Motor နှင့် Toyota Motor တို့သည်လည်း  အာဖရိကတွင် ထုတ်လုပ်မှုကို တိုးမြှင့်မည်ဖြစ်သည်။

Mitsubishi  က အာဖရိကတွင် ကားထုတ်လုပ်မှု မလုပ်တော့သည်မှာ ၁၀ နှစ် ကြာမြင့်ပြီးချိန်တွင် မော်တော်ယာဉ် ထုတ်လုပ်ရေးကို ပြန်လည် လုပ်ဆောင်မည် ဖြစ်သည်။

ကင်ညာတွင် ကားများ ထုတ်လုပ်ပြီး အာဖရိကရှိ အခြားနိုင်ငံများသို့ ပေးပို့ရောင်းချမည် ဖြစ်သည်။  African Continental Free Trade Area သဘောတူညီချက်အရ Mitsubishi အနေဖြင့် သွင်းကုန်ခွန် မပေးဆောင်ရသည့် အကျိုးကျေးဇူးကို ရရှိမည် ဖြစ်သည်။ ကုန်သွယ်ရေး လုပ်ကိုင်သည့် Mitsubishi Corp. နှင့် လက်တွဲလုပ်ကိုင်သွားမည် ဖြစ်သည်။

ကင်ညာတွင် Mitsubishi Motors က အဓိကအားဖြင့် L200 ပစ်ကပ်ထရပ်ကို ထုတ်လုပ်မည်။ ၎င်းပစ်ကပ်ထရပ်ကို အရှေ့တောင်အာရှ‌ဈေးကွက်များတွင် Triton အမည်ဖြင့် ရောင်းချသည်။

ကင်ညာမှ ကားအရောင်းလုပ်ငန်းကုမ္ပဏီ Simba ၏ လက်ခွဲလုပ်ငန်း မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း Associated Vehicle Assemblers (AVA) သည် ပြည်ပကားလုပ်ငန်းများအတွက် ကားများကို တာဝန်ယူ တပ်ဆင် ထုတ်လုပ်ပေးနေသော လုပ်ငန်းဖြစ်ပြီး Mitsubishi Motors အတွက်လည်း ကားများ ထုတ်လုပ်ပေးမည် ဖြစ်သည်။ 

AVA သည် ကင်ညာဈေးကွက်တွင် ရောင်းချလျက်ရှိသော ကားအရေအတွက်၏ ၄၀% ကို တပ်ဆင်ထုတ်လုပ်ပေးနေသည်။

Mitsubishi က ထိုင်းနိုင်ငံရှိ ၎င်း၏ စက်ရုံတွင် အစိတ်အပိုင်းများ ထုတ်လုပ်ပြီး ကင်ညာသို့ ပေးပို့မည်။ ယင်းအစိတ်အပိုင်းများဖြင့် AVA က L200 ပစ်ကပ်ထရပ်များ တပ်ဆင်ထုတ်လုပ်မည် ဖြစ်သည်။

Mitsubishi က ယခုနှစ်တွင် စီးရေ ၂၀၀ မျှသာ ကနဦးထုတ်လုပ်မှုအနေဖြင့်  ထုတ်လုပ်ရန် အစီအစဉ် ရေးဆွဲထားသည်။ ရောင်းအား အခြေအနေပေါ် မူတည်ပြီး ထုတ်လုပ်စီးရေ တိုးမြှင့်ရန် သင့်မသင့် စဉ်းစားဆုံးဖြတ်မည် ဖြစ်သည်။ 

ထုတ်လုပ်လိုက်သော ကားများကို  ကုန်သွယ်ရေး လုပ်ကိုင်သည့် Mitsubishi Corp က Simba ၏ အရောင်းကွန်ရက်တွင် ဈေးကွက်တင်ပေးမည် ဖြစ်သည်။

လက်ရှိတွင် အာဖရိက ဈေးကွက်တွင် ထိုင်းနိုင်ငံမှာ ထုတ်လုပ်သည့်ကားများ တင်သွင်းပြီး ရောင်းချလျက် ရှိသည်။ ထိုသို့တင်သွင်းသည့်အတွက် ကင်ညာအစိုးရက ယာဉ်တန်ဖိုး၏ ၅၀% ကျော် အထိ အခွန်အမျိုးမျိုး စည်းကြပ်သည်။ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို အဆိုပါ အခွန်အမျိုးမျိုး စည်းကြပ်ခြင်း မပြုချေ။

 Mitsubishi သည် အာဖရိကတိုက်တွင် စီးရေ ၂၁,၀၀၀ ဝန်းကျင်ကို ၂၀၂၁ တွင် ရောင်းချခဲ့သည်။ ကမ္ဘာ့ရောင်းအား၏ ၂% နှင့် ညီမျှသည်။ အာဖရိကရောင်းအား၏ ၆၀% နီးပါးသည် ထိုင်းနိုင်ငံမှ တင်သွင်းသည့် Triton များ ဖြစ်သည်။

Mitsubishi က ဒေသအလိုက် ဈေးကွက်များတွင် အရှေ့တောင်အာရှကို ပထမနေရာတွင် ထားသည်။ အာဖရိကတိုက်ကို ဒုတိယနေရာတွင် ထားရှိရန် ရည်မှန်းထားသည်။

အာဖရိကသည် ပြင်သစ်ကိုလိုနီအဖြစ် သမိုင်းရှည်ကြာ ခဲ့သည် ဖြစ်ရာ ပြင်သစ်မှ ကားထုတ်လုပ်ရေးလုပ်ငန်း Renault က အာဖရိကဈေးကွက်တွင် ဈေးကွက်ဝေစု အများဆုံး ရရှိထားသည်။ Renault သည် မော်ရိုကိုနိုင်ငံရှိ စက်ရုံ ၂ ရုံထားရှိပြီး တစ်နှစ်လျှင် စီးရေ ၃၀၀,၀၀၀ ထုတ်လုပ်သည်။ Mitsubishi သည် Renault နှင့် စီးပွားဖက်အဖြစ် မဟာမိတ် ပြုထားသည်။

Mitsubishi တွင် ရှယ်ယာ ၃၄% ပိုင်ဆိုင်ထားသည့် Nissan Motor ကလည်း တောင်အာဖရိကနိုင်ငံအပါအဝင် အာဖရိက နိုင်ငံအချို့တို့တွင် မော်တော်ယာဉ် ထုတ်လုပ်ရေး စက်ရုံများ ထားရှိပြီး ထုတ်လုပ်လျက်ရှိသည်။

Isuzu က မော်ဒယ်အသစ် ပစ်ကပ်ထရပ် D-Max ကို မကြာသေးခင်က တောင်အာဖရိကနိုင်ငံတွင် စတင် ထုတ်လုပ်ခဲ့သည်။  မေလတွင် စတင်ရောင်းချခဲ့သည်။ အာဖရိကတိုက်မှ နိုင်ငံများအပါအဝင် ၃၄ နိုင်ငံသို့ တင်ပို့ရောင်းချရန် အစီအစဉ် ရေးဆွဲထားသည်။ 

တောင်အာဖရိကနိုင်ငံ ပြည်တွင်းတွင် ထုတ်လုပ်သည့် အစိတ်အပိုင်းများကို ပိုမိုသုံးစွဲနိုင်စေရန် တောင်အာဖရိကတွင် အစိတ်အပိုင်းများ ထုတ်လုပ်လုပ်သည့် စက်ရုံများ ထားရှိသည်။ ထို့အတွက် အမေရိကန်ဒေါ်လာ ၃၄ သန်း ရင်းနှီးမြှုပ်နှံထားသည်။ 

အာဖရိကတိုက်ရှိ ဂါနာနိုင်ငံတွင် လုပ်ကိုင်နေသော Toyota က  Toyota လုပ်ငန်းစုမှ ကုန်သွယ်ရေးလက်တံ ဖြစ်သည့် Toyota Tsusho မှ ဆောက်လုပ်ပေးသည့် စက်ရုံအသစ်တွင် ၂၀၂၁ မှစ၍ Hilux ပစ်ကပ်ထရပ်များ စတင်ထုတ်လုပ်ခဲ့ပါသည်။ 

ထိုစက်ရုံတွင် အာဖရိကတိုက်တွင် Toyota ၏ ပဉ္စမမြောက် ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံဖြစ်ပြီး Suzuki Motor အတွက် Swift မော်ဒယ်များကိုလည်း ထုတ်လုပ်ပေးသည်။ 

အာဖရိကတိုက် ကားဈေးကွက်တွင် ဓာတ်ဆီအင်ဂျင်ကားများက အဓိကနေရာတွင် ဆက်လက် နေရာယူထားဦးမည် ဖြစ်သည်။ လျှပ်စစ်ဓာတ်အားသည် အကန့်အသတ်ဖြင့်သာ ရရှိကြပြီး လျှပ်စစ်ဓာတ်အား လက်လှမ်းမမီသည့် နေရာများလည်း ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ အီးဗီများအတွက် မဖြစ်နိုင်သော ဈေးကွက် ဖြစ်သည်။ 

အာဖရိက ကားဈေးကွက်တွင် တစ်ပတ်ရစ်ကားအဟောင်းများ ရောင်းဝယ်ကြသည်က ကားအသစ်ကျပ်ချွတ် ရောင်းဝယ်ကြသည်ထက် သုံးလေးဆ ပိုများသည်။ ယခုအခါ ကင်ညာ အပါအဝင် အာဖရိကနိုင်ငံအချို့တို့သည် ပြည်ပမှ ကားအဟောင်းတင်သွင်းခြင်း ပိတ်ပင်ထားကြသည်။ သို့ဖြစ်ရာ ကားအသစ်ကျပ်ချွတ်များအတွက် ဝယ်လိုအား မြင့်တက်ဖွယ် ရှိနေသည်။ 

 #MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

Source: TechCrunch

Read 1271 times