အာဆီယံတွင် တရုတ်ပြိုင်ဘက်များနှင့် ရင်ဆိုင်နေရသည့် မစ်စူဘီရှီ
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
တရုတ်ပြည်တွင်း ဈေးကွက်မှာ တရုတ်ပြိုင်ဘက်များက ဈေးကွက်ဝေစုများ ရယူသွားသဖြင့် စက်ရုံ ပိတ်သိမ်းခဲ့ပြီးသည့်နောက်မှာ တရုတ်ပြည်မှ ထွက်ခွာရန် စီစဉ်နေသည့် မစ်စူဘီရှီသည် အာဆီယံဈေးကွက်တွင်လည်း တရုတ်ပြိုင်ဘက်များကို ရင်ဆိုင်နေရသည်။
အာဆီယံသည် မစ်စူဘီရှီ၏ နောက်ဆုံးလက်ကျန် ဈေးကွက်တစ်ခုဖြစ်ပြီး မစ်စူဘီရှီအတွက် အခရာကျသည့် ဈေးကွက်လည်း ဖြစ်ပါသည်။
တရုတ်ပြည်တွင်းဈေးကွက်တွင် တရုတ်ကားလုပ်ငန်းအချို့က ဂျပန်၊ အမေရိကန်နှင့် ဥရောပ ကားထုတ်လုပ်သူများ၏ ဈေးကွက်ဝေစုများကို ရယူနိုင်ခဲ့ကြသည်။
မစ်စူဘီရှီသည် ရောင်းအားထိုးကျသဖြင့် စက်ရုံပိတ်ထားလိုက်ရသည်။ ယခုအခါ တရုတ်ဈေးကွက်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး ထွက်ခွာရေး အစီအစဉ်ကို လုပ်ဆောင်နေသည်။
မစ်စူဘီရှီ ရောင်းအား ထိုးကျသွားရသည့် အဓိက အကြောင်းအရင်းမှာ တရုတ်ကားလုပ်ငန်းများကို ယှဉ်ပြိုင်ရန် မစ်စူဘီရှီတွင် ရောင်းစရာ အီးဗီမော်ဒယ်များ မည်မည်ရရ မရှိခြင်း ဖြစ်သည်။
"တရုတ်ပြည်မှာ လျှပ်စစ်ကားသို့ ကူးပြောင်းကြတာ ထင်ထားတာထက် ပိုမို မြန်ဆန်နေပါတယ်။ ကားဝယ်စီးသူတွေ အမှတ်တံဆိပ် ရွေးချယ်တာလည်း ပြောင်းသွားတယ်။ ကားအမျိုးအစား ရွေးချယ်တာလည်း ပြောင်းလဲသွားတယ်။ အကြီးအကျယ် ပြောင်းလဲသွားတယ်" ဟု Mitsubishi Motors ၏ စီအီးအို Takao Kato မှ ပြောကြားခဲ့ပါသည်။
မစ်စူဘီရှီသည် ၂၀၂၃-၂၀၂၅ ကာလတို စီးပွားရေး မဟာဗျုဟာကို ချမှတ်ခဲ့သည်။ ၎င်းမဟာဗျုဟာအရ အရှေ့တောင်အာရှတွင် ဝင်ငွေ တိုးအောင် လုပ်ဆောင်မည်။ အရှေ့တောင်အာရှသည် မစ်စူဘီရှီအတွက် အဓိကဝင်ငွေ ရရှိသည့် ဈေးကွက်ဖြစ်သည်။
ဂျပန်၊ မြောက်အမေရိက၊ ဥရောပနှင့် တရုတ်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို ပြန်လည်စဉ်းစားပြီး တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မည်။
အရှေ့တောင်အာရှတွင် တရုတ်ကားထုတ်လုပ်သူများ ပြိုင်ဆိုင်မှု ပိုများလာနေသည်ကို မစ်စူဘီရှီ ရင်ဆိုင်ရသည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံကြား လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်ကြောင့် တရုတ်ကားများ အကောက်ခွန်မဲ့ တင်သွင်းပြီး ထိုင်းစျေးကွက်သို့ ဝင်ရောက်ကြသည်။
"တရုတ်ကားအမှတ်တံဆိပ်တွေက အိမ်စီးကား အပိုင်းအကန့်မှာ ဈေးကွက်ဝေစု ၁၀% ကျော် ရထားလို့ အတော်စိုးရိမ်စရာ ဖြစ်နေပါတယ်" ဟု မစ်ဆူဘီရှီ၏ အရောင်းတာဝန်ခံ အမှုဆောင်ဒုဥက္ကဋ္ဌ Tatsuo Nakamura က ပြောကြားသည်။
တရုတ်ကားထုတ်လုပ်သူများသည် ထိုင်းနိုင်ငံတွင် အားသာနေသော်လည်း အင်ဒိုနီးရှားတွင် အားနည်းနေသည်ဟု ၎င်းက ပြောကြားသည်။
အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားသည် မစ်စူဘီရှီ၏ အဓိကဈေးကွက်ဖြစ်သည်။
အင်ဒိုနီးရှားတွင် တရုတ်ကားအမှတ်တံဆိပ်များသည် ဈေးကွက်ဝေစု ၃% ဝန်းကျင် ရရှိထားသည်။
“သူတို့ ပြည်တွင်းမှာ မထုတ်ရင် ဝင်ရခက်နေလိမ့်မယ်။ ကျွန်တော်တို့က အင်ဒိုနီးရှားမှာ ကားတွေ ထုတ်လုပ်တယ်။ အဲဒါက နံရံတံတိုင်းတစ်ခုသဖွယ် ကျွန်တော်တို့ရဲ့ဈေးကွက်ဝေစုကို ကာကွယ်ပေးထားပါတယ်" ဟု ၎င်းက ပြောကြားသည်။
ထိုင်းနှင့် အင်ဒိုနီးရှားတို့သည် မစ်ဆူဘီရှီအတွက် အလွန်အရေးကြီးသော စျေးကွက်နှစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
ဖိလစ်ပိုင်တွင် မစ်စူဘီရှီ ရောင်းအား မြင့်တက်လျက်ရှိသည်။ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှားနိုင်ငံတို့တွင် ရောင်းအား ကျဆင်းခဲ့သော်လည်း ဖိလစ်ပိုင်တွင် ရောင်းအား ခုန်တက်ခဲ့ပါသည်။
မစ်ဆူဘီရှီသည် ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာနှစ် ပထမနှစ်ဝက်အတွင်း ဖိလစ်ပိုင်တွင် ကားအစီးရေ ၄၀,၀၀၀ ရောင်းချခဲ့သည်။
ယမန်နှစ် အလားတူကာလတွင် အစီးရေ ၂၅,၀၀၀ ရောင်းချခဲ့သည်။
Source Asia nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL