ဒေါ်လာ ၁၀၀ ဖြင့် လေလံဆွဲထားသည့်ကားကို အီလွန်မတ်စ်က ဒေါ်လာ ၁ သန်းနီးပါးဖြင့် လေလံဆွဲပြီး ဝယ်ယူ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
၁၉၈၉ ခုနှစ်မှာ လာမရွေးတဲ့ ရက်လွန်ကွန်တိန်နာများကို အမေရိကန်နိုင်ငံ နယူးယောက်ဆိပ်ကမ်းမှာ လေလံပစ်ပါတယ်။ မျက်စိမှိတ်ဝယ်တဲ့အတိုင်း လေလံဆွဲတဲ့ blind auction ဖြစ်ပါတယ်။ ကွန်တိန်နာထဲ ဘာပါသလဲဆိုတာ လေလံပစ်တဲ့သူကလည်း မသိဘူး။ လေလံဆွဲတဲ့သူတွေကလည်း မသိရပါဘူး။
နယူးယောက်မှာ နေထိုင်တဲ့ လက်မယားက ကွန်တိန်နာတစ်လုံးကို ကန်ဒေါ်လာ ၁၀၀ ဖြင့် လေလံအောင်ပါတယ်။
ကွန်တိန်နာ ဖွင့်ပြီး ပစ္စည်းထုတ်ယူတဲ့အခါ စောင်အဟောင်းများဖြင့် အုပ်ထားတဲ့ ကားတစ်စီးကို တွေ့ပါတယ်။ 1976 Lotus Esprit အိမ်စီးပြိုင်ကားတစ်စီး ဖြစ်ပါတယ်။
ကားရဲ့ ထူးခြားချက်က ၁၉၇၇ မှာ ရုံတင်တဲ့ ဂျိန်းစ်ဘွန်းရုပ်ရှင် “The Spy Who Loved Me" မှာ ပါဝင်တဲ့ Lotus Esprit ဖြစ်ပါတယ်။ ဇာတ်ဝင်ခန်းမှာ ကားက ရေထဲရောက်သွားတဲ့အခါ ရေငုပ်ကား ဖြစ်သွားပါတယ်။ ရေအောက်မှာ ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်ပါတယ်။
အဲဒီကားကို နှစ်အတန်ကြာပြီးချိန်မှာ Elon Musk က အမေရိကန်ဒေါ်လာ ၁ သန်းနီးပါးဖြင့် ဝယ်ယူပါတယ်။
လေလံဆွဲတဲ့ လင်မယားက “The Spy Who Loved Me" ကို တစ်ခါမှ မကြည့်ဖူးကြဘူး။ အိမ်စီးပြိုင်ကားက ရုပ်ရှင်ထဲမှာ သုံးစွဲခဲ့တဲ့ Lotus Esprit ၈ စီးထဲမှ တစ်စီး ဖြစ်တယ်ဆိုတာကို သူတို့ မသိကြဘူး။
ကားကို သယ်လာတဲ့ ထရပ်ကား မောင်းတဲ့သူက ပြောပြမှ သူတို့ သိသွားကြတယ်။
လင်ဖြစ်သူက သေချာအောင် “The Spy Who Loved Me" VHS ဗီဒီယိုအခွေ ငှားပြီး ကြည့်တယ်။
ကားကို နည်းနည်းပါးပါး ပြန်သလိုက်ကြပြီး အခါအခွင့်သင့်ရင် ပြပွဲမှာ ပြသတယ်။
၂၀၁၃ ခုနှစ်မှာ လေလံတင် ရောင်းချဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
RM Sotheby’s လေလံလုပ်ငန်းမှာ လေလံတင်ပါတယ်။ $997,000 လေလံအောင်သွားတယ်။ လေလံအောင်တဲ့သူက Musk ဆိုတာ နောင်တစ်ချိန်ကျမှ သိကြရပါတယ်။
‘The Spy Who Loved Me’ ကို သူငယ်စဉ်က ကြည့်ရှုခဲ့ပြီး ကားကို သဘောကျခဲ့ပါတယ်။ Lotus Esprit ကို ဆိပ်ခံတံတားမှ မောင်းထုတ်ပြီး ခလုတ်တစ်ချက်နှိပ်ကာ ရေငုပ်သင်္ဘောအဖြစ်သို့ ပြောင်းလဲသွားတာကို မြင်တွေ့ရသည်မှာ အံ့ဩစရာ ဖြစ်ခဲ့ကြောင်း Musk က ပြောကြားပါတယ်။
“Wet Nellie” လို့ အမည်ပေးထားတဲ့ကားကို ရေငုပ်ကားအဖြစ် ပြုပြင်တည်ဆောက်ထားတာဖြစ်ပြီး ခလုတ်တစ်ချက်နှိပ်လိုက်မှ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အခုလို ပြောင်းလဲတာအတွက် ထိုစဉ်ကာလက ကန်ဒေါ်လာ ၁ သိန်းကျော် ကုန်ကျပါတယ်။ ယခုအခါ ငွေတန်ဖိုးအရ ကန်ဒေါ်လာ ၄ သိန်းကျော် ကုန်ကျပါတယ်။
“တကယ့်လက်တွေ့မှာ မပြောင်းလဲနိုင်တာကို သိလိုက်ရတဲ့အခါ ကျွန်တော် စိတ်ပျက်မိပါတယ်။ Tesla လျှပ်စစ်ကားမှာ ကားအောက်ပိုင်းကို အဆင့်မြှင့်တင်ပေးပြီး တကယ်ပြောင်းလို့ရအောင် ကြိုးစားကြည့်မယ်" လို့ သူက auto blog Jalopnik ကို ၂၀၁၃ ခုနှစ်မှာ ပြောကြားခဲ့ပါတယ်။
ကားမှာ ဘီးတွေ မပါဘဲ ယာဉ်နောက်ဘက်မှာ ပန်ကာ ၄ လုံးပါပြီး လျှပ်စစ်မော်တာဖြင့် လှည့်ပေးပါတယ်။ ကားက ရေမလုံပါဘူး။ ကားထဲမှာ ရေတွေ ပြည့်နေပါတယ်။ U.S. Navy SEAL မှ အငြိမ်းစားတစ်ဦးက အောက်ဆီဂျင်ဘူးနဲ့အတူ ရေငုပ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ပြီး ကားထဲမှာ နေရာယူကာ ထိန်းကျောင်းမောင်းနှင်ပါတယ်။
.
Tesla ရဲ့ စီအီးအို Musk က ၂၀၁၃ မှာ ပြောခဲ့တဲ့စကားကို ယခုအခါ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။
Tesla မှ ထုတ်လုပ်မယ့် Cybertruck ကို ရေထဲမှာပါ မောင်းနှင်နိုင်ဖို့ လုပ်ကိုင်နေပါတယ်။
Source cnbc
MAG