လုံလောက်တဲ့ အကျယ်အဝန်း၊ လန်းဆန်းတက်ကြွတဲ့ပုံစံနဲ့ Honda Civic အသစ်ကတော့ အထင်ကြီးလောက်စရာ သက်သောင့်သက်သာ စီးနင်းမောင်းနှင်နိုင်မယ့် ကားမျိုးပါ။
အထူးသဖြင့် မိသားစုစီးအတွက်ပေါ့။ သူ့လိုမျိုး တခြားမှာ ရှာရခက်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ခန်းမှာစီးနင်းမယ့် အရပ်အမောင်းကောင်းသူတွေအတွက်တော့ ပြောစရာနည်းနည်းရှိနေပါလိမ့်မယ်။
ဈေးနှုန်း ; $21,880 - $32,241 (နိုင်ငံတကာ)
အားသာချက်
ဒီလိုကားအမျိုးအစားတွေထဲမှာတော့ ကျယ်ဝန်းတဲ့ ပစ္စည်းတင်နောက်ခန်းပါရှိခြင်း၊ ချောမွေ့စွာမောင်းနှင်နိုင်မယ့် ဓါတ်ဆီအင်ဂျင်များ တပ်ဆင်ပေးထားခြင်း၊ သက်သောင့်သက်သာရှိပြီး မောင်းပျော်ခြင်း။
အားနည်းချက်
ဒီဇယ်အင်ဂျင် ရွေးချယ်စရာ တစ်မျိုးသာရှိခြင်း၊ ဈေ းနှုန်းသက်သာသော models များတွင် အခြေခံအဆင့်သာဖြစ်နေခြင်း၊ လူတိုင်းကို ဆွဲဆောင်နိုင်မှု အားနည်းနိုင်ခြင်း။
သုံးသပ်ချက်
မိသားစုစီးနင်းဖို့အတွက် လွယ်လွယ်ကူကူမောင်းနှင်နိုင်မယ့် ကားမျိုးပါပဲ။ လက်တွေ့ကျကျ ပစ္စည်းပစ္စယတွေများများစားစား ထည့်သွင်းနိုင်မယ့် နောက်ခန်းလည်း ပါဝင်တယ်။ ပုံစံခြင်းဆင်တဲ့ Vauxhall Astra ထက်တော့ ဈေ းနည်းနည်းပိုများတယ်။ ဒါပေမယ့် Civic အသစ်ရဲ့ပုံစံက sport type ပိုဆန်ပါတယ်။ တကယ်လို့ ပိုမြန်ပြီး ပြိုင်ကားပုံစံမျိုးကိုလိုချင်တယ်ဆိုရင်တော့ Honda Civic Type R ကို မြည်းစမ်းကြည့်နိုင်ပါတယ်။ အတွင်းခန်းမှာသုံးထားတဲ့ ပလတ်စတစ်အသားတွေက တော်တော်လေးကောင်းတယ်။
နူးညံ့တဲ့ ပလတ်စတစ် အကောင်းစားတွေကို နေရာတော်တော်များများမှာ သုံးထားတာတွေ့ရတယ်။ ပြောရရင် Ford Focus ထက်တောင်မှ ဒီလိုနေရာမှာ ဈေ းကွက်ကို ဦးဆောင်မယ့်အနေအထားမှာတွေ့ရတယ်။ ဒါပေမယ့် Astra ဒါမှမဟုတ် VW ရဲ့ Golf လောက်တော့ ဇိမ်ကျမယ် မထင်ဘူး။ Civic Type R စီးပြီး လမ်းမတွေပေါ်မှာ အမြန်မောင်းနေကြတဲ့ လူငယ်တွေကြောင့်တော့ အထင်မမှားစေချင်ပါဘူး။ ဒီဟာက တကယ့်ကို ကျောင်းသုံး၊ ရုံးသုံး သက်သောင့်သက်သာရှိပြီး လက်တွေ့ကျတဲ့ မိသားစုစီးကားပါ။
ပုံစံ
Honda Civic အသစ်ရဲ့ ရုပ်ထွက်ကတော့ တော်တော်လေး လန်းတယ်။ အထူးသဖြင့် ပြိုင်ကားဆန်ဆန် ပုံစံမျိုးနှစ်သက်တဲ့သူတွေအတွက်ပေါ့။ နောက်တစ်ခုက အချိုးပါ။ ကားရဲ့ ချိုးထားတဲ့ပုံကိုကြည့်ပြီးပြောရမယ်ဆိုရင် တန်ဖိုးကြီး ပြိုင်ကားတွေတော့မပါဘူးပေါ့လေ။ ဒါပေမယ့် Honda က ထုတ်လုပ်တဲ့ ကားတွေရဲ့ အချိုးတွေက တော်တော်လေး မိုက်တယ်။ ရှေ့လေကာမှန်ကတော့ ထည့်ပြောစရာဖြစ်လောက်အောင်ကို ကျယ်ပြန့်တယ်လို့ထင်ရလောက်တဲ့ အချိုးမျိုး။
Honda ကထုတ်တဲ့ ကားတွေရဲ့ အရှေ့မှန်ကို ချိုးထားတဲ့ပုံစံက မြင်ကွင်းကို ရှင်းရှင်းလင်းလင်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေတယ်။ ဒါကတော့ ထူးခြားချက်ပါပဲ။ ရှေ့မီးကြီးနဲ့ နောက်မီးပုံစံတွေကတော့ အရမ်းကြီးထူးခြားနေတာမျိုးမဟုတ်ပေမယ့် ခေတ်တော့ နောက်မကျတာ သေချာတယ်။ သေချာတာကတော့ ပြိုင်ကားတွေလို ဆီစားနှုန်းသိပ်မများဘဲနဲ့ ပြိုင်ကားဆန်ဆန်ပုံစံကို မိသားစု ကျောင်းသွား၊ ရုံးသွားစီးချင်သူတွေအတွက်တော့ Honda Civic အသစ်ဟာ ထိပ်တန်းရွေးချယ်စရာဖြစ်နေမှာပါ။
အတွင်းခန်း
ဒီလောက်အရွယ်ကားတွေထဲမှာတော့ Honda Civic အသစ်ရဲ့ အတွင်းခန်းပုံစံဟာ ဈေ းကွက်ထဲမှာ ခေတ်ရှေ့ပြေးတယ်လို့ဆိုရမယ်။ ဒါပေမယ့် Civic model တွေရဲ့ လူစီးနောက်ခန်းကတော့ နည်းနည်းလေး ပြောစရာဖြစ်နေတယ်။ သိပ်မကျယ်ဘူး။ Civic အသစ်ရဲ့ အတွင်းခန်းထဲကို ဝင်လိုက်တဲ့ ခံစားမှုကတော့ အခံခွက်ထဲကို အံဝင်ခွင်ကျဖြစ်တဲ့ အရာဝတ္ထုတစ်ခု ထည့်လိုက်သလိုမျိုးပါပဲ။ ထိုင်ခုံတွေက နည်းနည်းနိမ့်ပြီး ခလုတ်တွေထားတဲ့နေရာ၊ dashboard ပတ်ပတ်လည်ကတော့ နည်းနည်းမြင့်တယ်လို့ခံစားရတယ်။
ဒါကလည်း SUVs တွေအမောင်းများတဲ့ လူတစ်ယောက်မှာ ခံစားရမယ့် ခံစားမှုမျိုး ဖြစ်ပါလိမ့်မယ်။ အစပိုင်း level တွေဖြစ်တဲ့ S နဲ့ SE တွေမှာ နောက်ဆုံးပေါ် stereo display တွေနဲ့ဖြစ်ပေမယ့် SR တွေမှာဆိုရင်တော့ ပိုကောင်းတဲ့ ခုနစ်လက်မ touchscreen infotainment စနစ်နဲ့ဖြစ်သွားပါပြီ။ ဂြိုဟ်တုလမ်းညွှန်၊ Android Auto နဲ့ Apple CarPlay တွေပါသုံးလို့ရသွားပါပြီ။ SR ကျမှ ဖုန်းနဲ့ကား အပြည့်အဝချိတ်ဆက်လို့ရမယ့် သဘောပါ။ တကယ်တော့ Civic အသစ်မှာက SR trim က အလယ်အလတ်တန်းစားပါ။
ဒါပေမယ့် သားရေသား အုပ် steering နဲ့၊ ထိုင်ခုံမှာ ခရီးဝေးကားမောင်းတဲ့အခါ ခါးဆစ်ကိုအထောက်အပံ့ဖြစ်စေပြီး ချိန်ညှိလို့ရတဲ့ lumbar support နဲ့ပါ။ ဒါပေမယ့် သားရေသားထိုင်ခုံလိုချင်တယ်ဆိုရင်တော့ ပိုမြင့်တဲ့ EX trim ကိုဝယ်ယူနိုင်ပါတယ်။ Sport trims တွေမှာက အတွင်းခန်းမှာ SR နဲ့သိပ်မကွာပေမယ့် EX ကစပြီးတော့ တော်တော်လေး ကွာသွားတယ်။ Resolution ကောင်းကောင်း driver display ကတော့ model တိုင်းမှာပါဝင်ပါတယ်။ Audi ရဲ့ Virtual Cockpit စနစ်လိုမျိုးပေါ့။
Honda ရဲ့ ဒီ driver display ကတစ်ဆင့် ဆီစားနှုန်းကစပြီး ဂြိုဟ်တုလမ်းညွှန်အထိ သတင်းအချက်အလက်အများအပြားကို ကြည့်လို့ရတယ်။ Infotainment (သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေး) စနစ်ကို ယှဉ်ကြည့်မယ်ဆိုရင်တော့ Civic အဟောင်းတွေက ခေတ်တော်တော်နောက်ကျသွားပါပြီ။ အခု Civic အသစ်မှာက ဒီလို ခေတ်မီတဲ့ အသုံးအဆောင်တွေအသုံးပြုနိုင်တဲ့အပြင် နေရာပိုကျယ်သွားတာကလည်း ကျေးဇူးတင်စရာပါ။
လက်တွေ့ကျကျ
လက်တွေ့ကျကျအသုံးချမှုနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ Honda Civic ဟာ model အဟောင်းတွေထက်စာရင် အတွင်းခန်းဟာအတော်လေးကို ကျယ်လာတယ်လို့ပြောရမှာပါပဲ။ ကားကို လိုက်ပါစီးနင်းမယ့်သူတွေအတွက်၊ ပစ္စည်းထည့်ဖို့အတွက် ပိုကျယ်တဲ့ နေရာလွတ်တွေပါတယ်။ အရှေ့ထိုင်ခုံတွေ ထိုင်တဲ့နေရာမှာ ထိုင်ခုံတွေက ကြမ်းခင်းနဲ့နည်းနည်းပိုကပ်တဲ့အတွက် အရပ်တော်တော်မြင့်တဲ့သူတောင်မှ ချောင်ချောင်ချိချိ ထိုင်လို့ရတယ်။
Honda Civic အသစ်တိုင်းမှာ မောင်းသူ ထိုင်ခုံကို ချိန်ညှိဖို့ electric စနစ်နဲ့အသုံးပြုနိုင်ပြီး EX ကျမှသာ စီးနင်းသူတွေပါ ထိုင်ခုံချိန်ညှိဖို့ electric စနစ်ကို အသုံးပြုနိုင်မှာပါ။ EX trim ဆိုရင် အရှေ့ထိုင်ခုံတွေအတွက် အပူပေးစနစ်ပါဝင်ပေမယ့် မြန်မာနိုင်ငံလို ရာသီဥတုမှာတော့ အသုံးဝင်မှာ မဟုတ်ပါဘူး။ နောက်ခန်းအကျယ်ကတော့ Civic လိုမျိုး မိသားစုစီး ကားအသေးလေးတွေထဲမှာ အကျယ်ဆုံးလို့ပြောလို့ရနိုင်မယ်ထင်တယ်။ ကိန်းဂဏန်းတွေအရ နှိင်းယှဉ်မယ်ဆိုရင် Golf ရဲ့ 380-litre ၊ Astra ရဲ့ 370-litre နောက်ခန်းတွေထက် ပိုမိုဝင်ဆံ့တဲ့ 478-litre ကိုပိုင်ဆိုင်ထားတာပါ။
သူ့ထက်ကြီးတာဆိုလို့ သူတို့လိုမျိုး ကားအမျိုးအစားတွေထဲမှာဆိုရင် Skoda Octavia ရဲ့ 590-litre ပဲရှိမယ်ထင်ပါတယ်။ (နောက်ခန်းဝင်ဆံ့မှုကို litre နဲ့ပြလေ့ရှိပြီး 1-litre ကို 1,000 ကုဗစင်တီမီတာရှိပါတယ်)။ လက်တွေ့စမ်းသပ်ချက်အရဆိုရင်တော့ Honda Civic အသစ်ဟာ ကလေးတွန်းလှည်းအကြီးနဲ့ ခရီးဆောင်သေတ္တာအချို့ ကောင်းကောင်းကြီး ဝင်ဆံ့ပါတယ်။ တကယ်လို့ နောက်ခုံတွေကို လှန်ချထားလိုက်မယ်ဆိုရင်တော့ ပစ္စည်းဝင်ဆံ့မှုက 1,200-litre ကျော်သွားပါလိမ့်မယ်။
မောင်းနှင်မှု
မောင်းနှင်မှုနဲ့ပတ်သက်ပြီး ပထမဦးဆုံးပြောလိုတာကတော့ တပ်ဆင်ပေးထားတဲ့ adaptive suspension အကြောင်းပါ။ ဒီဘက်ခေတ် ကားအကောင်းစား တော်တော်များများပါနေပြီဖြစ်တဲ့ suspension စနစ်ဖြစ်ပြီး လိုက်ပါစီးနင်းကြသူတွေအားလုံးကိုလည်း သာသာယာယာဖြစ်စေမယ့် စနစ်လည်းဖြစ်ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ EX models တွေကမှ စပြီး တပ်ဆင်ပေးတာပါပဲ။
အင်ဂျင်အနေနဲ့ကတော့ ရွေးချယ်စရာ ဓါတ်ဆီနဲ့ ဒီဇယ်အင်ဂျင် ၃ မျိုးထဲက ၁ မျိုးကိုရွေးချယ်ရမှာဖြစ်ပြီး Gear box အနေနဲ့ကတော့ manual ဒါမှမဟုတ် CVT automatic ထဲကကြိုက်ရာကို ရွေးချယ်နိုင်ပါတယ်။ အသုံးများမယ့် 129 hp 1.0-litre ဓါတ်ဆီအင်ဂျင်ကတော့ မြို့ထဲဝန်းကျင်မှာ မောင်းနှင်လို့ကောင်းမယ့်ကားမျိုးပါ။ ဆီစားနှုန်းကတော့ 45mpg (Honda ကတော့ 55.4mpg လို့ဆိုထားပေမယ့်) ဝန်းကျင်ရှိမှာပါ။ နောက်ထပ်အသုံးများမယ့် 182hp 1.5-litre turbo အင်ဂျင်ကတော့ ခရီးပါသွားလို့ကောင်းမယ့် အင်ဂျင်မျိုးဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် 1.0-litre အင်ဂျင်ထက် အများကြီးတော့ ပိုမြန်မသွားပါဘူး။ 1.0-litre နဲ့က 0-62mph အတွက် 10.2 စက္ကန့်အချိန်ယူရပြီး 1.5-litre ဆိုရင်တော့ 8.2 စက္ကန့်လောက်ကြာတဲ့အထိပဲ ပိုမြန်သွားမှာပါ။ ဒါပေမယ့် ပိုပြီးချောမွေ့သွားမယ်။ နောက်ထပ်ကောင်းတဲ့တစ်ခုက ဆီစားနှုန်း 44mpg ရအောင် မောင်းနှင်နိုင်တာပါပဲ။
ဒီဇယ်အင်ဂျင်ကတော့ 1.6-litre ပါ။ 120hp ထွက်ရှိမှာ ဖြစ်ပြီး အသားကုန်ညှစ်မောင်းမယ်ဆိုရင်တော့ 0-62mph ကို 9.8 စက္ကန့်အတွင်း ရအောင်မောင်းနိုင်ပါလိမ့်မယ်။ ဆီစားနှုန်းအနေနဲ့ Honda က ဒီဇယ်အင်ဂျယ်အတွက် 80.7mpg အထိရတယ်လို့ဆိုထားပေမယ့် တကယ့်လက်တွေ့မှာတော့ ဆီစားနှုန်းပိုမိုနိုင်ဖွယ်သာရှိတာပါ။ တကယ့်လက်တွေ့မောင်းနှင်သူတွေရဲ့ အဆိုအရတော့ Honda Civic 2019 တွေရဲ့ ဓါတ်ဆီအင်ဂျင် မြို့တွင်းအသုံးပြုမှု ဆီစားနှုန်းဟာ ပျမ်းမျှ 32.5mpg လို့ဆိုပါတယ်။
မောင်းနှင်မှုနဲ့ပတ်သက်ပြီးပြောရရင်တော့ မြို့ပတ်လည် မောင်းရတဲ့အခါမျိုးမှာ တော်တော်လေး ချောမွေ့အဆင်ပြေပါတယ်။ ဒါပေမယ့် blind spot ဖြစ်စရာ နည်းနည်းရှိတာကတော့ စိုးရိမ်စရာပါ။ အရှေ့တံခါးနဲ့ အရှေ့မှန်ဆုံတဲ့နေရာမှာ မြင်ကွင်းက ဖျတ်ခနဲ ကြည့်ရုံလောက်နဲ့ ရှင်းလင်းမှုမရှိတာကြောင့် ထည့်ပြောရတာဖြစ်ပါတယ်။ ကျင့်သားရသွားရင်တော့ အဆင်ပြေသွားမယ့်ပုံမျိုးပါ။ အနောက်မြင်ကွင်းအတွက် စိုးရိမ်စရာ နည်းနည်းရှိပေမယ့် အရှေ့မြင်ကွင်းကျယ်ကတော့ တကယ့်ကို ထိပ်တန်းပါပဲ။