အပ်ကားရှားပါးလာခြင်းကြောင့် ရန်ကုန်လိုင်စင်စလစ်ဈေး ထပ်မံမြင့်တက်သွားကြောင်း ကားလုပ်ငန်းရှင်များ ထံမှ သိရပါတယ်။
ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ်မလာသေးခြင်းနှင့်အတူ ဈေးကွက် အတွင်း၌လည်း အပ်ကားရှားပါးနေခြင်းကြောင့် စလစ်ဈေးများ မြင့်တက်သွားခဲ့ပါတယ်။ ထို့ပြင် ကားအရောင်း စင်တာများမှ တင်သွင်းထားသော စလစ်ကပ် ဂျပန်ညာမောင်း လက်ကျန်ကားများသည်လည်း သတ်မှတ်ရက် မတိုင်မီ ဝယ်ယူခွင့် ပါမစ်လျှောက်ရန် လိုအပ်နေခြင်းကြောင့် စလစ်လိုအပ်ချက် ပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ်ပါတယ်။
“ဒီရက်ပိုင်းမှာ ရန်ကုန်လိုင်စင် နှစ်၂၀ စလစ်က ၅သိန်းဝန်းကျင် မြင့်တက်သွားပါတယ်။ အပ်ကားရှားပါး နေပြီး YVQC စနစ် ထွက်ပေါ်မလာသေးသလို ကားအရောင်းစင်တာတွေက တင်သွားထားတဲ့ Consignment လက်ကျန်ကားတွေနဲ့ ရန်ကုန်လိုင်စင်ရယူလိုတဲ့ Brand New ကားတွေအတွက် စလစ်လိုအပ်ချက်ရှိနေလို့ ဈေးမြင့် တက်သွားတာလဲဖြစ်ပါတယ်။ တိုက်ကြေစလစ်လည်း ရှားပါးလာတဲ့အတွက် နံပါတ်ယူဖို့ မစောင့်နိုင်တဲ့ သူတွေက သက်တမ်းနှစ်၂၀ စလစ်ကို ဝယ်ယူကြတဲ့အတွက် ဝယ်လိုအားနဲ့ လိုအပ်ချက်မမျှပဲ ဈေးမြင့်တက် သွားတာ ဖြစ်ပါတယ်” ဟု ကားဝယ်/ရောင်း ကိုစိုင်းကဆိုပါတယ်။
အပ်ကား ရှားပါးလာခြင်းနှင့်အတူ ယာဉ်အို/ဟောင်း အပ်နံှမှုလဲ လျော့နဲ့သွားပြီး ယခုနှစ်စမှ ဖေဖော်ဝါရီလ ဒုတိယပတ်အထိ ရန်ကုန်လိုင်စင် နှစ်၂၀အပ်ကား ၁၉၁စီးနှင့် တိုက်ကြေ ၅၅စီးသာ အပ်နှံမှု ရှိခဲ့ပါတယ်။ အပ်ကားရှားပါးနေခြင်းကြောင့် စလစ်ဈေးများ တဖြည်းဖြည်း မြင့်တက်လျှက်ရှိရာ ရန်ကုန်လိုင်စင် နှစ်၂၀ အမည်ပေါက်စလစ်သည် ကျပ်၁၃၄ သိန်း ဝန်ကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် သိန်း ၁၂၀ ဝန်းကျင် ပေါက်ဈေး ရှိကြောင်း ကားဈေးကွက် အတွင်းမှသိရပါတယ်။