စွမ်းအင်သစ်ကား ကမ္ဘာ့ဈေးကွက်အရောင်းတွင် BYD စံချိန်တင်


စွမ်းအင်သစ်ကား ကမ္ဘာ့ဈေးကွက်အရောင်းတွင် BYD စံချိန်တင်

တရုတ်နိုင်ငံ ရှန်ကျန်းမြို့ အခြေစိုက် ကားထုတ်လုပ်‌ေရးလုပ်ငန်းနှင့်  လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်းက နိုင်ငံခြားဈေးကွက်မှာ တိုးမြှင့်ဖို့ အသင့်ပြင်ဆင်နေပါတယ်။


အမေရိကန်မှ ထိပ်တန်း ရင်းနှီးမြှုပ်နှံသူ ဝါရင်ဘတ်ဖတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Berkshire Hathaway ကျောထောက်နောက်ခံ ပြုပေးထားတဲ့ တရုတ်ကားထုတ်လုပ်ရေး လုပ်ငန်းကြီး BYD (Build Your Dream) က အမေရိကန် ထိပ်တန်း အီးဗီထုတ်လုပ်ရေးလုပ်ငန်း Tesla ကို ကျော်တက်ပြီး ရောင်းရစီးရေအရ ကမ္ဘာ့အကြီးမားဆုံး လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းအဖြစ်သို့ ရောက်ရှိသွားပါတယ်။ ကမ္ဘာ့အီးဗီဈေးကွက်မှာ တရုတ်အီးဗီတွေ ကြီးစိုးနေပြီဆိုတာ အချက်ပြလိုက်တာ ဖြစ်ပါတယ်။
    
ယခုနှစ် ၂၀၂၂ ပထမ ၆ လမှာ BYD က စီးရေ ၆၄၁,၀၀၀ ရောင်းချခဲ့ပါတယ်။ ယမန်နှစ် ပထမ ၆ လထက် ၃ ဆ ပိုများပါတယ်။ 
ယခုနှစ် ၂၀၂၂ ပထမ ၆ လမှာ Tesla က စီးရေ ၅၆၄,၀၀၀ ရောင်းချခဲ့ပါတယ်။ Tesla ရောင်းအားနည်းရတာ ပစ္စည်းပေးသွင်းကွင်းဆက် ကမောက်ကမဖြစ်ခြင်း၊ တရုတ်နိုင်ငံရှိ ကားစက်ရုံ လော့ဒေါင်း ချထားရခြင်း စသည်တို့ကို ဒုတိယ ၃ လပတ်မှာ ထုတ်လုပ်မှု အထိနာခဲ့ပါတယ်။  
Tesla ရဲ့ ကားမော်ဒယ်အားလုံးဟာ လျှပ်စစ်ကား စစ်စစ်များ ဖြစ်ပါတယ်။ 


BYD ရဲ့ မော်ဒယ်အများစုမှာ ပလပ်ထိုး ဟိုင်းဘရစ်မော်ဒယ်များ ဖြစ်ကြပြီး သမားရိုးကျ အင်ဂျင် ပါတဲ့အပြင် ကြီးမားတဲ့ ဘက်ထရီလည်း ထည့်ပေးထားလို့ ခရီးဝေးဝေး သွားနိုင်ကြပါတယ်။ အင်ဂျင်ပါတယ်ဆိုပေမဲ့ ဘက်ထရီပါဝါဖြင့်လည်း မောင်းနှင်နိုင်တာကြောင့် တရုတ်အစိုးရ သတ်မှတ်ချက်အရ စွမ်းအင်သစ်မော်တော်ယာဉ် New Energy Vehicle စာရင်းထဲ အကျုံးဝင်ပါတယ်။ 

BYD က လျှပ်စစ်မော်တော်ယာဉ်များအတွက် ဘက်ထရီ ထုတ်လုပ်မှုမှာလည်း တောင်ကိုရီးယားမှ  LG ကို ကျော်တက်ပြီး ကမ္ဘာ့ဒုတိယအကြီးမားဆုံး လျှပ်စစ်မော်တော်ယာဉ်သုံး ဘက်ထရီ ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်လာခဲ့ပါတယ်။ ပထမနေရာမှာတော့ တရုတ်လုပ်ငန်းကြီး CATL လို့ လူသိများတဲ့  Contemporary Amperex Technology Ltd ရှိနေပါတယ်။ 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော် အခြေစိုက် သုတေသနလုပ်ငန်း SNE Research အဆိုအရ BYD က  LG Energy ကို လစဉ်ဈေးကွက်ဝေစု ရရှိမှုမှာ ၂၀၂၂ ဧပြီလကတည်းက ကျော်တက်ခဲ့ပါတယ်။ 

တရုတ်ပြည် ကိုဗစ်လော့ဒေါင်းကြောင့် အထိနာခဲ့ကြတာမှာ  Tesla သာမက တရုတ်အီးဗီ ထုတ်လုပ်ရေး ထိပ်တန်းလုပ်ငန်းများ ဖြစ်ကြတဲ့ Li Auto, Xpeng, Nio တို့လည်း အထိနာခဲ့ကြပြီး BYD က သက်သာရာ ရခဲ့ပါတယ်။ BYD ရဲ့ ကားစက်ရုံတွေ တည်ရှိတဲ့ မြို့တွေမှာ ကိုဗစ် ကူးစက်မှု ဆိုးဆိုးဝါးဝါး မဖြစ်ပွားခဲ့လို့  တင်းကျပ်တဲ့ လော့ဒေါင်းတွေနဲ့ လွတ်ကင်းခဲ့ပါတယ်။ 

တရုတ်နိုင်ငံက ကမ္ဘာအကြီးမားဆုံး ကားဈေးကွက် တည်ရှိတဲ့နိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့မှုမှာလည်း အီးဗီစီးရေ ငါးသိန်းကျော် တင်ပို့ခဲ့ပါတယ်။ 
တရုတ်ပြည်မှ တင်ပို့တဲ့ အီးဗီစီးရေ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံဟာ တရုတ်ကားထုတ်လုပ်‌ရေး လုပ်ငန်းများ ပိုင်ဆိုင်ထားတဲ့ ဥရောပ ကား brand တွေဖြစ်ပြီး Volvo Cars နှင့် MG Motor တို့ပါဝင်ပါတယ်။ တရုတ်ကား brand  စစ်စစ်က ၂% ဝန်းကျင်သာ ပါဝင်ပါတယ်လို့  ဂျာမနီနိုင်ငံ ဘာလင်မြို့အခြေစိုက် Mercator Institute for China Studies က ဆိုပါတယ်။ 
တရုတ်ပြည်မှ တင်ပို့တဲ့ အီးဗီစီးရေ စုစုပေါင်းရဲ့  ထက်ဝက်နီးပါးက တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ Tesla  ကားတွေ ဖြစ်ပါတယ်။ ၁၄% ဝန်းကျင်က ဥရောပ ကားထုတ်လုပ်ရေးလုပ်ငန်းများနှင့် တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်းများတို့ရဲ့ ဖက်စပ်လုပ်ငန်းများက တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ အီးဗီတွေ ဖြစ်ပါတယ်။ 

#MyanmarAutomobileGuide
Telegram Channel
https://t.me/Guid4U

Read 1375 times