ဆလင်ဒါ ၄ လုံးထိုး အင်ဂျင်များ ထုတ်လုပ်ရန် အမေရိကန်တွင် Toyota က ဒေါ်လာ ၃၈၃ သန်း ရင်းနှီးမြှုပ်နှံ
၂၀၂၂ ဧပြီလ ၁၉ ရက် အင်္ဂါနေ့တွင် Toyota Motor North America က ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် အမေရိကန်နိုင်ငံ Alabama ၊ Missouri ၊ Kentucky၊ Tennessee တို့တွင် တည်ရှိေသာ Toyota စက်ရုံ တစ်ရုံစီတွင် ဆလင်ဒါ ၄လုံးထိုး အင်ဂျင်များ ထုတ်လုပ်နိုင်စေရန် အမေရိကန်ဒေါ်လာ ၃၈၃ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။
အမေရိကန်ဈေးကွက်ထဲမှာ Toyota ရောင်းချသည့် ကားများအနက် ၄ လုံးထိုးအင်ဂျင် တပ်ဆင်သည့် ကားများတွင် အင်ဂျင် အရွယ်အစား ၃ မျိုး ရှိသည်။ 1.8-liter, 2.0-liter နှင့် 2.5-liter တို့ ဖြစ်သည်။ ခြွင်းချက်မှာ GR86 အိမ်စီးပြိုင်ကားတွင် Subaru အင်ဂျင် 2.4-liter boxer အင်ဂျင် သုံးထားသည်။ boxer အင်ဂျင်တွင် ဆလင်ဒါများသည် ထောင်လိုက်တက်ဆင်း မပြေးဘဲ ရေပြင်ညီအတိုင်း လှဲလျက်သားဖြင့် ရှေ့တိုးနောက်ဆုတ်ပြေးသဖြင့် လက်ဝှေ့ထိုးသမား လက်ဝှေ့အဖြောင့်ထိုးနေသည့်နှယ် ဖြစ်သဖြင့် boxer လက်ဝှေ့သမား အင်ဂျင်ဟု အမည်တွင်သည်။
Toyota Alabama စက်ရုံသည် လက်ရှိတွင် တစ်နှစ်လျှင် အင်ဂျင်လုံးရေ ၉ သိန်း ထုတ်လုပ်နိုင်သည်။ စတုရန်းပေ ၁.၃ သန်း ကျယ်ဝန်းသော စက်ရုံတွင် ထုတ်လုပ်ရေး လိုင်းသစ်တစ်လိုင်း ထပ်တိုးရန် စတုရန်းပေ ၁၁၄,၀၀၀ တိုးချဲ့မည်ဟု Toyota Motor North America က ပြောကြားသည်။ ၂၀၂၃ တွင် လိုင်းသစ်မှ ထုတ်လုပ်မှု စတင်မည်ဟု ပြောကြားသော်လည်း အင်ဂျင်လုံးရေ မည်မျှထုတ်လုပ်မည်ကို ပြောကြားခြင်း မပြုချေ။ စက်ရုံ တိုးချဲ့ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂၂၂ သန်း သုံးစွဲမည် ဖြစ်သည်။
Georgetown Kentucky စက်ရုံတွင် အမေရိကန်ဒေါ်လာ ၁၆ သန်း ရင်းနှီးမြှုပ်နှံကာ ဆလင်ဒါ လေးလုံးထိုး အင်ဂျင်များ တပ်ဆင် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်မည် ဖြစ်သည်။
နောက်ထပ် စက်ရုံတစ်ခု ဖြစ်သော Toyota Motor Manufacturing Missouri စက်ရုံတွင် အမေရိကန်ဒေါ်လာ ၁၀၉ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ပြီး လိုင်း ၃ လိုင်း အသစ်ထပ်တိုးပြီး ဆလင်ဒါဟက် cylinder head များ ထုတ်လုပ်မည် ဖြစ်သည်။
Jackson Tennessee စက်ရုံတွင် အင်ဂျင်ဘလောက်များ ထုတ်လုပ်ရန် စက်ကိရိယာများ တပ်ဆင်မည် ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၃၆ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။