Volkswagen ပိုင်ဆိုင်မှုများ ဒေါ်လာသန်း ၁၄၀ ခန့်ဖြင့် ရောင်းချရန် ရုရှားအစိုးရ ခွင့်ပြု


 Volkswagen ပိုင်ဆိုင်မှုများ ဒေါ်လာသန်း ၁၄၀ ခန့်ဖြင့် ရောင်းချရန် ရုရှားအစိုးရ ခွင့်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Volkswagen က ရုရှားနိုင်ငံ လုပ်ငန်းကဏ္ဍမှ ပိုင်ဆိုင်မှုအဝဝကို ယူရို ၁၂၅ သန်း(ကန်ဒေါ်လာ ၁၃၇.၆ သန်း) ဖြင့် ရုရှားမှ ကားရောင်းဝယ်ရေးလုပ်ငန်းစု Avilon ထံ ရောင်းချခြင်းကို ရုရှားအစိုးရက ခွင့်ပြုခဲ့ပါသည်။
သို့သော် ၎င်းငွေပမာဏကို ရုရှားမှ ပြည်ပသို့ ငွေလွှဲရန် အဆင်ပြေမပြေကို မသိနိုင်သေးပါ။

ရုရှားမှ ထွက်ခွာသော နိုင်ငံတကာ လုပ်ငန်းများသည် များသောအားဖြင့် စတိသဘောဖြင့်သာ ရောင်းဈေးသတ်မှတ်ပြီး ရောင်းချကြပါသည်။ စာချုပ်တွင် ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်း ချုပ်ဆိုကြသည်။

ပြင်သစ်မှ  Renault သည် ရုရှား၏ Avtovaz မှ ၎င်း၏ရှယ်ယာအများစုကို နှစ်ရူဘယ်ဖြင့် ရောင်းချခဲ့သော်လည်း  ခြောက်နှစ်ကြာကာလအတွင်း နှစ်ရူဘယ်ဖြင့် ပြန်လည်ဝယ်ယူရန်ခွင့်ကို စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုပြီး ရောင်းချခဲ့သည်။
ဂျပန်နိုင်ငံမှ Nissan သည် ရုရှားနိုင်ငံရှိ ၎င်း၏လုပ်ငန်းကဏ္ဍကို နိုင်ငံပိုင်အဖွဲ့အစည်းတစ်ခုထံ ယူရိုတစ် ယူရိုဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။ စာချုပ်တွင် တစ်ရူဘယ်ဖြင့် ပြန်လည်ဝယ်ယူခွင့်ကို ထည့်သွင်း ချုပ်ဆိုသည်။

Volkswagen ၏ သဘောတူညီချက်တွင် ပြန်လည်ဝယ်ယူရန် ထည့်သွင်းချုပ်ဆိုခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့် နိုင်ငံများကို ရုရှားအစိုးရက "စိမ်းကားသော နိုင်ငံ" ဟု သတ်မှတ်ထားပြီး ယင်းနိုင်ငံများမှ ကုမ္ပဏီများသည် ပိုင်ဆိုင်မှု ရောင်းချသည့်အခါ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စောင့်ကြည့်သည့် ရုရှားအစိုးရကော်မရှင်၏ ခွင့်ပြုချက် ရယူရန် မလွဲမသွေ လိုအပ်ပါသည်။
ဧပြီလ ၁၇ ရက်တွင် ယူရို ၁၂၅ သန်းဖြင့် ဈေးတည်ခဲ့ပြီး ရုရှားစက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် အဆိုပါ အရောင်းအဝယ် သဘောတူညီချက်ကို တနင်္လာနေ့(မေ ၁၅)တွင် အတည်ပြု ခွင့်ပြုခဲ့ပါသည်။
"လောလောဆယ် Volkswagen AG ဟာ Volkswagen Group Rus ရဲ့ ရှယ်ယာတွေကို ရောင်းချနေပြီး ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော်ရှိတဲ့ Kaluga စက်ရုံကိုလည်း ဂုဏ်သိက္ခာရှိတဲ့ ရုရှားရင်းနှီးမြှုပ်နှံသူထံ ရောင်းချနေပါတယ်" ဟု Volkswagen က ပြောကြားခဲ့သည်။
ရောင်းချမှုတွင် Kaluga ရှိ စက်ရုံ၊ သွင်းကုန်လုပ်ငန်းများအပြင် အပိုပစ္စည်းလုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းတို့ ပါဝင်သည်။
Volkswagen သည် တစ်နှစ်လျှင် ကားအစီးရေ ၂၂၅,၀၀၀ ထုတ်နိုင်သော Kaluga စက်ရုံကို ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။
စက်ရုံကို ၂၀၂၂ ခုနှစ် မတ်လကတည်းက ပိတ်ထားခဲ့ရသည်။ ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်သဖြင့် ပစ္စည်းပေးသွင်းကွင်းဆက်များ ပြတ်တောက်နေသဖြင့် စက်ရုံအတွက် ပစ္စည်းများ မရနိုင်တော့သည့်အတွက် စက်ရုံကို ပိတ်ထားလိုက်ရသည်။
Source Reuters 
 

Read 301 times