ကမ္ဘာ့အမြန်ဆုံး ထရပ်ကားအဖြစ် ကမ္ဘာ့ဂင်းနက်စ် စံချိန်ဝင်ခဲ့သည့် Shockwave Jet Truck


ကြီးမားလေးလံသောကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် အဓိကသုံးသော ထရပ်ကားသည် အရွယ်အစားကြီးမားသလို စွမ်းအားမြင့်အင်ဂျင်ကိုလည်း တပ်ဆင်မောင်းနှင်ခြင်းဖြစ်သော်လည်း

ပြိုင်ကားတစ်စီးကဲ့သို့ အရှိန်နှုန်းနှင့် မောင်းရန်မှာ မဖြစ်နိုင်ပေ။
ထိုကဲ့သို့မဖြစ်နိုင်ခြင်းကိုမှ အမှန်တကယ်လုပ်ဆောင် ပြခဲ့သည်က Shockwave အမည်ရှိ ထရပ်ကားသာဖြစ်ပါသည်။ ၁၉၈၄ ခုနှစ်တုန်းက Les Shockley ဖန်တီးတည်ဆောက်ခဲ့သော Shockwave သည်

Peterbilt semi ထရပ်ကားခေါင်းပိုင်းကို အခြေခံထားပြီး နောက်တွဲယာဉ် (Trailer) ပေါ်တွင် ဂျက်အင်ဂျင်သုံးလုံးကို သုံးမြှောင့်ပုံစံ တပ်ဆင်ထားခြင်းဖြစ်ပါသည်။

အမေရိကန်ရေတပ်တွင်သုံးသော လေ့ကျင့်ရေးဂျက်လေယာဉ် T2A Buckeye ၏ အင်ဂျင်တစ်လုံးစီသည် မြင်းကောင်ရေအား ၁၂,ဝဝဝ ထုတ်ပေးသောကြောင့် ထိုအင်ဂျင်သုံးလုံး အသုံးပြုထားသော Shockwave

ထရပ်ကားအနေနှင့် စုစုပေါင်းမြင်းကောင်ရေအား ၃၆,ဝဝဝ ဖြင့် မောင်းနိုင်စွမ်းရှိပါသည်။ Shockwave အတွက် လောင်စာဆီအဖြစ် Raw Diesel Fuel ကို သုံးပြီး အထူးလောင်စာပိုက်လိုင်းကိုလည်း

ထည့်သွင်းတည်ဆောက်ခဲ့ရပါသည်။

ကားတာယာများက ပုံမှန်ထရပ်ကားတာယာများဖြစ်သော်လည်း တစ်လုံးစီကို အလေးချိန်လျော့ကျအောင် တာယာပန်း ၈၅ ပေါင်စီ လျှော့ချထားပါသည်။ Shockwave ကို မောင်းပြီးလျှင် ရပ်နားရန်အတွက်

Large-diameter Disc Brake များကို ကားဘီးခွေတိုင်းတွင် တပ်ထားသည့်အပြင် လေယာဉ် ပျံများ ဆင်းသက်သည့်အခါသုံးသော စစ်သုံးလေထီးနှစ်စင်းကိုလည်း အသုံးပြု ရပါသည်။

လေထီးများသိမ်းသော Tube ကို Rear-spoiler အောက်တွင် တပ်ထားပါသည်။ Shockwave ထရပ်ကားခေါင်းပိုင်းတွင် ဒေါင်လိုက် ခရိုမီယမ် Exhaust Stack နှစ်ချောင်းတပ်ဆင်ထားပြီး မောင်းသည့်အခါ

မီးတောက်မီးလျှံ များထွက်အောင် Piezoelectric Ignitor များထည့် သွင်းထားပါသည်။ Exhaust Stack ကထွက်သည့် မီးတောက်များကြောင့် ကားခေါင်မိုးဆေး မလောင်ကျွမ်းအောင် သတ္တုပြားတပ်ပြီး

ကာကွယ်ထားပါသည်။

အလေးချိန်လေးတန်ရှိသော Shockwave ထရပ်ကားကို ၂ဝ၁၂ ခုနှစ်မှာ Darnell သားအဖကဝယ်ယူပြီး စွမ်းဆောင်ရည်ပိုကောင်းအောင် ပြုပြင်မွမ်းမံပြီးနောက်မှာတော့ အမေရိကန်နှင့် ကနေဒါတစ်ဝန်းတွင်

ထူးခြားသောမောင်းနှင်မှုများ ပြုလုပ်ပြသခဲ့ပါသည်။ Shockwave ၏ ထူးထူးခြားခြား မောင်းနှင်မှုတစ်မျိုးက တစ်နာရီ မိုင်နှစ်ရာနှုန်းနှင့် မောင်းသောလေယာဉ်ပျံနှင့် ပြိုင်မောင်းပြခြင်းသာဖြစ်ပါသည်။

Darnell သားအဖလက်ထက်တွင် Shockwave ထရပ်ကား၏ အမြင့်ဆုံးစွမ်းဆောင်ရည်က တစ်နာရီကို ၃၇၆ မိုင်နှုန်းနှင့် မောင်းခဲ့ခြင်းဖြစ်ပြီး ထိုအမြန်နှုန်းသည် ဂျပန်ကျည်ဆန်ရထား၊ Bugatti Veyron

ပြိုင်ကားတို့ထက်တောင် သာလွန်ခဲ့၍ ကမ္ဘာ့အမြန် ဆုံးထရပ်ကားအဖြစ် ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းဝင်ခဲ့ပါသည်။ အလေးချိန်များသော်လည်း ဂျက်အင်ဂျင်သုံးလုံး အသုံးပြုမောင်းနှင်သော Shockwave

ထရပ်ကားသည် သုညမိုင်မှ တစ်နာရီ မိုင်သုံးရာအရှိန်နှုန်းရရန် ၁၁ စက္ကန့်ခန့်သာကြာမြင့်ပါသည်။ ဆီတိုင်ကီက ဂါလန် ၁၉ဝ ဆံ့ပြီး တစ်ကြိမ် မောင်းနှင်ပြသတိုင်း ဆီဂါလန် ၁၈ဝ သုံးစွဲရပါသည်။ Shockwave

၏ ဆီစားနှုန်းက တစ်မိုင်ကို ဂါလန်လေးရာ ဖြစ်ပါသည်။

Automobile

Read 640 times