Tesla က ဘာလင်ကားစက်ရုံ အဆင့်မြှင့်တင်ရန် ၂ ပတ်ပိတ်


Tesla က ဘာလင်ကားစက်ရုံ အဆင့်မြှင့်တင်ရန် ၂ ပတ်ပိတ်

Tesla က စက်ရုံကို အဆင့်မြှင့်တင်ပေးပြီး စီးရေပိုများများ ထုတ်နိုင်အောင် ဂျာမနီ နိုင်ငံမှ Tesla လျှပ်စစ်ကား ထုတ်လုပ်ရေးစက်ရုံ Gigafactory Berlin ကို ထုတ်လုပ်မှု ၂ ပတ် ပိတ်ထားမည်ဟု ‌ကြေညာသည်။ စက်ရုံပြန်လည်ပတ်သည့်အခါ အဆိုင်းထပ်တိုးမည်ဟု ဆိုသည်။

Tesla ရဲ့ ထိပ်တန်းဦးစားပေးမှာ ဖောက်သည်ဝယ်လိုအားကို အလျဉ်မီအောင် ဖြည့်ဆည်းပေးဖို့ အတွက် ထုတ်လုပ်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း ‌ကုမ္ပဏီက ပြောကြားသည်။

ထို့အတွက် Tesla က ၎င်း၏ စက်ရုံများအားလုံးတွင် စီးရေ ပိုများများ ထုတ်လုပ်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။

 မကြာသေးမီကမှ စတင်ထုတ်လုပ်ခဲ့သည့် Gigafactory Berlin နှင့် Gigafactory Texas တို့တွင် စီးရေတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ စီမံဆောင်ရွက်နေပါသည်။

Giga Berlin သည် ဘက်ထရီ ပစ္စည်းပြတ်သည့် ပြဿနာ မကြုံရချေ။ 2170 အမျိုးအစား ဘက်ထရီများ အသုံးပြုသည့် Tesla ကားများ ထုတ်လုပ်လျက်ရှိရာ ဧပြီလတွင် တစ်ပတ် အစီး ၁,၀၀၀ ထုတ်လုပ်နိုင်သည့်ရေချိန်ကို မျှော်မှန်းထားခဲ့သော်လည်း ဇွန်လကျမှ ၎င်းရေချိန်သို့ ရောက်ရှိခဲ့ပါသည်။

Giga Texas မှာ 4680 ဘက်ထရီအမျိုးအစား ဖြင့် ကားများထုတ်လုပ်လျက်ရှိရာ အဆိုပါ ဘက်ထရီ အမျိုးအစား ပစ္စည်းပြတ်လပ်သဖြင့် ထုတ်လုပ်မှု ထိခိုက်ခဲ့သည်။ သို့ဖြစ်ရာ 2170 ဘက်ထရီ သုံးသည့် Model Y Long Range များ ပြောင်းလဲ ထုတ်လုပ်ခဲ့သည်။

 

ဘက်ထရီနံပါတ်များသည် ဘက်ထရီထဲ အစီအရီအကျပ်ထည့်စီထားသည့် ဆလင်ဒါပုံ ဆဲလ်၏ အတိုင်းအတာကို ရည်ညွှန်းပြောဆိုကြခြင်း ဖြစ်သည်။

ရှေ့ဂဏန်း ၂ လုံးသည် အချင်းမီလီမီတာကို ဆိုလိုသည်။ နောက်ဂဏန်း ၂ လုံးသည် အမြင့်မီလီမီတာကို ဆိုလိုသည်။

 

2170 ဘက်ထရီတွင် အချင်း 21mm နှင့် အမြင့် 70mm ရှိသည့် ဆလင်ဒါပုံဆဲလ်များ သုံးထားသည်။

4680 တွင် သုံးထားသည့် ဆလင်ဒါပုံဆဲလ် အသီးသီးသည်  အချင်း 48mm နှင့် အမြင့် 80mm ရှိသည်။

 

Tesla က  Gigafactory Berlin  ကို ၂ ပတ်ခန့် ပိတ်ထားပြီး အဆင့်မြှင့်တင်မည်။ ဝန်ထမ်း ၄,၅၀၀ တို့တွင် အဆင့်မြှင့်တင်သည့် လုပ်ငန်းစဉ်တွင် လိုအပ်သူများသာ အလုပ်ဆင်းကြရမည်။ ကျန်သည့်သူများ အားလပ်ရက် ရရှိကြမည်ဖြစ်သည်။

အဆင့်မြှင့်တင်ပြီးပါက လက်ရှိတွင် အလုပ်ချိန် နှစ်ဆိုင်း ဖြင့် လုပ်ကိုင် နေသည်ကို တစ်ဆိုင်းတိုးပြီး အဆိုင်း ၃ ဆိုင်းဖြင့် လုပ်ကိုင်မည် ဖြစ်သည်။

လက်ရှိတွင် ဥရောပဈေးကွက်အတွက် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ Tesla ကားစက်ရုံ Gigafactory Shanghai မှ ထုတ်လုပ်သော ကားများကို ဥရောပသို့ တင်ပို့ပြီး ဝယ်လိုအားကို ဖြည့်ဆည်းနေရသည်။ ထိုအစား Gigafactory Berlin  ကို  တိုးမြှင့်ထုတ်လုပ်သော ကားများဖြင့် ဥရောပဈေးကွက်ကို ဖြည့်တင်းမည် ဖြစ်သည်။

Gigafactory Berlin တွင် ဝန်ထမ်းရေးရာ ပြဿနာရှိနေသည်။ အဓိကပြဿနာမှာ လစာဖြစ်သည်။ ထို့အတွက် သမဂ္ဂအဖွဲ့အစည်းဖြစ်သော IG Metall က စတင်ပါဝင်လာခဲ့သည်။ Tesla က လစာများကို ၆% တိုးမြှင့်ပေးပြီး ဖြေရှင်းပေးသည်။ ၃ ဆိုင်း အလုပ်ဆင်းစေပြီး စက်ရုံလည်ပတ်သည့်အခါ လိုအပ်သည့် လုပ်သားအင်အားစု ရရှိရေးကို ကြိုးပမ်းဆောင်ရွက်နေပါသည်။

#MyanmarAutomobileGuide 


 Telegram Channel

https://t.me/Guid4U

 

 

Read 669 times