တစ်ကမ္ဘာလုံးအတွက် ဒိုင်ခံထုတ်တဲ့ တိုင်ဝမ်ချစ်ပ်လုပ်ငန်း ပြဿနာ


ကမ္ဘာ့ ချစ်ပ် မလုံလောက်မှုကို ရင်ဆိုင်နေရတဲ့အတွက် ကားကုမ္ပဏီတွေအဖို့ ချစ်ပ်တွေ လိုသလောက် မရနိုင်တာကြောင့် ကားစီးရေ လျှောထုတ်နေကြရတယ်။ လက်ပ်တော့၊ ဖုန်း စတဲ့ ကိရိယာတွေ ထုတ်လုပ်ကြတဲ့သူတွေအဖို့လည်း ချစ်ပ်တွေ လိုသလောက် မရတဲ့ ပြဿနာကို အနည်းနဲ့အများ ရင်ဆိုင်နေကြရတယ်။
ကမ္ဘာပေါ်မှာ သုံးစွဲနေကြတဲ့ ချစ်ပ်တွေကို ဒိုင်ခံထုတ်လုပ်ပေးနေတဲ့ လုပ်ငန်းက တစ်ခုတည်းပဲ ရှိပြီး ၎င်းလုပ်ငန်းမှာ  Taiwan Semiconductor Manufacturing Co (TSMC) ဖြစ်ပါတယ်။ 
TSMC ရဲ့ ချစ်ပ်တွေ နေရာတကာမှာ သုံးနေကြတယ်။ သုံးစွဲသူ အများစုကတော့ သူတို့သုံးနေတဲ့ ချစ်ပ်တွေကို တစ်ခုတည်းသော လုပ်ငန်းကနေ ထုတ်လုပ်ပေးနေတယ်ဆိုတာ မသိကြဘူး။
TSMC က အဆင့်မြင့်မားပြီး နက်နဲရှုပ်ထွေးတဲ့ ချစ်ပ်အမျိုးအစားတွေ အားလုံးနီးပါးကို ထုတ်လုပ်တဲ့အပြင် ကမ္ဘာ့ခေတ်အမီဆုံး ချစ်ပ်တွေ အားလုံးနီးပါးဟာလည်း TSMC က ထုတ်လုပ်ထားတာတွေ ဖြစ်ပါတယ်။ အဲဒီ ချစ်ပ်တွေအပြင် ရိုးရိုးရှင်းရှင်း ချစ်ပ်တွေကိုလည်း ထုတ်လုပ်ပါတယ်။ TSMC မှ ထုတ်လုပ်ပေးနေတဲ့ ဘီလျံချီတဲ့ ချစ်ပ်တွေဟာ ကားတွေမှာအပြင် အီလက်ထရွန်းနစ်ပစ္စည်းတွေ ဖြစ်တဲ့ အိုင်ဖုန်း၊ ပီစီ တို့မှာလည်း သုံးစွဲထားပါတယ်။ 
TSMC ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ ကမ္ဘာ့အရေးအပါဆုံး ဆီမီးကွန်ဒတ်တာ ကုမ္ပဏီအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ အခုလို သူ့ချစ်ပ်တွေ နေရာတကာမှာ နေရာယူထားနိုင်တာကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သူ့ရဲ့ ချစ်ပ် ထုတ်လုပ်မှုက ကောင်းကျိုးဆိုးကျိုး သက်ရောက်မှု ကြီးမားစွာပေးနေတဲ့အဖြစ်သို့ ရောက်ရှိပါတယ်။ ကမ္ဘာပေါ်မှာ တစ်ချိန်တုန်းက ပီစီတွေ အားလုံးနီးပါးမှာ မိုက်ခရိုဆော့ဖ် နေရာယူထားတဲ့အဖြစ်မျိုးဖြင့် TSMC ရဲ့ ချစ်ပ်တွေက ကမ္ဘာကို လွှမ်းမိုးထားလိုက်တာ ဖြစ်ပါတယ်။  ကုမ္ပဏီရဲ့ ဈေးကွက်အများဆုံးတန်ဖိုးက အခုဆိုရင် အမေရိကန်ဒေါ်လာ ၅၅၀ ဘီလျံအထက်သို့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့တန်ဖိုးအများဆုံး ကုမ္ပဏီတွေမှာ နံပါတ် ၁၁ နေရာကို ရောက်ရှိနေပါတယ်။ 
TSMC ကို တခြားကုမ္ပဏီတစ်ခုက ပခုံးချင်းယှဉ်နိုင်ဖို့ လောလောဆယ်မှာ မဖြစ်နိုင်လောက်ဘူးလို့ ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံရမယ့် ပမာဏက ကြီးမားလွန်းနေတာကြောင့် ဖြစ်ပါတယ်။ TSMC  အနေဖြင့်လည်း’ လိုအပ်နေတဲ့လုပ်ငန်းတိုင်း အကုန်လုံးအတွက် လိုသလောက်ရအောင် ထုတ်ပေးနိုင်စွမ်း မရှိနိုင်ပါဘူး။ အထူးသဖြင့် အရေအတွက် ပမာဏများပြားတဲ့ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍအတွက် လုံလုံလောက်လောက် ထုတ်ပေးနိုင်စွမ်း မရှိဘူး။ 


၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်း ချစ်ပ်မရသဖြင့် လျှော့ချထုတ်လုပ်ရသည့် စီးရေ (ခန့်မှန်း)


ချစ်ပ်ကို ဒီဇိုင်းထုတ်ပေးပြီး ထုတ်လုပ်ပေးဖို့ မှာကြားတဲ့ Apple Inc. နဲ့ Qualcomm Inc တို့အတွက်လည်း လုံလောက်အောင် ထုတ်မပေးနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ 
ပြင်ပအမှာစာများအရ ချစ်ပ်ထုတ်လုပ်ရောင်းချမှုမှ ရရှိတဲ့ ကမ္ဘာတစ်လွှားဝင်ငွေများရဲ့ ၆၅%ကို  Taiwan Semiconductor Manufacturing Co က ဝေစု ရရှိထားပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝင်ငွေ ကန်ဒေါ်လာ ၄၅.၅ ဘီလျံ ရရှိခဲ့ပြီး အမြတ် ကန်ဒေါ်လာ ၁၇.၆ ဘီလျံ ရရှိခဲ့ပါတယ်။ 
ချစ်ပ် အရည်အသွေး အဆင့်အတန်းအရ ကြည့်ရင် ကမ္ဘာ့နောက်ဆုံးပေါ် အဆင့်အမြင့်ဆုံးချစ်ပ် ထုတ်လုပ်မှုရဲ့ ၉၂ % ဟာ TSMC ရဲ့ လက်ထဲမှာ ရောက်ရှိနေပါတယ်။ ကျန်ရှိတဲ့ ၈% ကို တောင်ကိုရီးယားမှ Samsung Electronics Co က ထုတ်လုပ်ပါတယ်။ အဲဒီချစ်ပ်တွေထဲမှာ တပ်ဆင်ပေးရတဲ့ ထရန်စစ္စတာတစ်ခုရဲ့ အရွယ်အစားက လူ့ဆံပင်တစ်ချောင်း လုံးပတ်ရဲ့ အပုံတစ်ထောင်ပုံ တစ်ပုံပဲ ရှိပါတယ်။ အဲဒီလို ချစ်ပ်မျိုးတွေကို စမတ်ဖုန်းတွေမှာ မသုံးမဖြစ် သုံးစွဲကြရပြီး ကမ္ဘာတစ်လွှား ထုတ်လုပ်နေတဲ့ စမတ်ဖုန်းတွေအတွက် ချစ်ပ် ၁.၄ ဘီလျံကို TSMC က ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ 
မော်တော်ကားတွေမှာ စင်စာတွေနဲ့အတူ ချစ်ပ်တွေ တပ်ဆင်သုံးစွဲမှု ပိုများလာတဲ့အတွက် အလယ်အလတ်အဆင့် ချစ်ပ်တွေ ပိုမိုလိုအပ်လာနေပါတယ်။ အဲဒီချစ်ပ်တွေ ထုတ်လုပ်မှုရဲ့ ၆၀%ကို  Taiwan Semiconductor Manufacturing Co က ဝေစု ရရှိထားပါတယ်။ 
အခုလို တစ်ကမ္ဘာလုံးအတွက် ချစ်ပ်ထုတ်လုပ်မှုတွေကို ကုမ္ပဏီတစ်ခုတည်းက ဒိုင်ခံထုတ်ပေးနေတဲ့ အဖြစ်ကို ရောက်ရှိနေတဲ့အတွက် အဲဒီ ချစ်ပ်ကုမ္ပဏီရဲ့ ချစ်ပ်ထုတ်လုပ်မှုပမာဏဟာ ချစ်ပ်ကို သုံးစွဲနေတဲ့ ကုမ္ပဏီအားလုံးအပေါ် သက်ရောက်မှု ရှိနေတဲ့အပြင် အဲဒီကုမ္ပဏီတွေက ချစ်ပ်တွေ မလုံလောက်တဲ့အတွက် ထုတ်လုပ်မှုတွေ လျှော့ချနေရတာကြောင့် ကုမ္ပဏီတွေရဲ့ ဝင်ငွေတွေကို ထိခိုက်နေစေတယ်။ ပစ္စည်းလိုသလောက်မရတဲ့အတွက် ဝယ်လိုအားကို မဖြည့်ဆည်းနိုင်တာကြောင့် ကမ္ဘာ့ဈေးကွက်နဲ့ စီးပွားရေးတွေကိုပါ ထိခိုက်နေစေပါတယ်။
 

Read 27875 times