ကီလိုမီတာ မပြည့်သည့် ကုမ္ပဏီ ဝယ်လက်များကို အစိုးရထောက်ပံ့ကြေး ပြန်လည်ပေးသွင်းရန် Tesla  နှိုးဆော်စာပ


ကီလိုမီတာ မပြည့်သည့် ကုမ္ပဏီ ဝယ်လက်များကို အစိုးရထောက်ပံ့ကြေး ပြန်လည်ပေးသွင်းရန် Tesla  နှိုးဆော်စာပေးပို့

 တရုတ်ပြည်တွင်း ဈေးကွက်တွင်   ထံမှ ကုမ္ပဏီအမည်ပေါက်ဖြင့် ကားဝယ်ယူခဲ့သော ကော်ပိုရိတ်ဝယ်လက်များထဲတွင် အစိုးရထောက်ပံ့ကြေး သတ်မှတ်ချက်များအရ မောင်းနှင်သည့် ကီလိုမီတာ မပြည့်သည့် ကုမ္ပဏီများကို ထောက်ပံ့ကြေး ပြန်အပ်နှံရန် Tesla က တောင်းခံလျက် ရှိသည်။

စွမ်းအင်သစ် ကား New Energy Vehicle (NEV) ဝယ်ယူလျှင် အစိုးရထောက်ပံ့ကြေး ပေးအပ်သည့် တရုတ်အစိုးရ မူဝါဒအရ စွမ်းအင်သစ် မော်တော်ယာဉ် NEV ကို ကုမ္ပဏီအမည်ပေါက်ဖြင့် ရောင်းချပါက အဆိုပါကားသည် ၂ နှစ်အတွင်း အနည်းဆုံး ကီလိုမီတာ ၂၀,၀၀၀ မောင်းနှင်ရန် မလွဲမသွေ လိုအပ်သည်။ ထိုသို့ မပြည့်လျှင် ကားဝယ်ယူစဉ်မှာ ပေးအပ်သည့် အစိုးရ ထောက်ပံ့ကြေးကို ခံစားခွင့် မရှိချေ။

Tesla  ထံမှ ကုမ္ပဏီအမည်ပေါက်ဖြင့် ကားဝယ်ယူခဲ့သော ကုမ္ပဏီအချို့သည် ပြဋ္ဌာန်းထားသည့် ကီလိုမီတာ ၂၀,၀၀၀ ကို ၂ နှစ်အတွင်း ပြည့်အောင် မောင်းနှင်ထားခြင်း မရှိသဖြင့် အစိုးရထောက်ပံ့ကြေး ခံစားခွင့် မရရှိပါသောကြောင့် အဆိုပါ အစိုးရထောက်ပံ့ကြေးကို ပြန်ပေးသွင်းရန် အသိပေးသည့် နှိုးဆော်စာကို Tesla ထံမှ လက်ခံရရှိကြသည်။ 

အဆိုပါ ပြဋ္ဌာန်းချက်သည် ကုမ္ပဏီအမည်ပေါက်ဖြင့် ဝယ်ယူသည့် NEV မော်တော်ယာဉ်များသာ အကျုံးဝင်သည်။  လူအမည်ဖြင့် ဝယ်ယူသည့် NEV မော်တော်ယာဉ်များ အကျုံးမဝင်ချေ။ 

တရုတ်အစိုးရက new energy vehicle (NEV) ဝယ်ယူမှုကို အားပေးအားမြှောက်ပြုသည့်အနေဖြင့် သတ်မှတ်ထားသော ပမာဏဖြင့် အစိုးရထောက်ပံ့ကြေးကို ပေးအပ်ရာတွင် ကုမ္ပဏီအမည်ပေါက်ဖြင့် ဝယ်ယူသည့် NEV များအတွက် သီးခြားသတ်မှတ်များ ပြဋ္ဌာန်းထားရာ ၂ နှစ်အတွင်း အနည်းဆုံး ကီလိုမီတာ ၃၀, ၀၀၀ မောင်းနှင်မှသာ အစိုးရထောက်ပံ့ကြေး ခံစားခွင့် ရှိသည်ဟု ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် သတ်မှတ်ပြဋ္ဌာန်းခဲ့သည်။ 

၂၀၁၈ ဖေဖော်ဝါရီလတွင် မူဝါဒ နောက်ဆက်တွဲ ပြင်ဆင်ချက်များ ထုတ်ပြန်ခဲ့ရာ၌ ၂ နှစ်အတွင်း မောင်းနှင်ရမည့် အနည်းဆုံး ကီလိုမီတာကို ၃၀, ၀၀၀ အစား ၂၀, ၀၀၀ ဟု လျှော့ပေါ့ သတ်မှတ်ပေးခဲ့သည်။  ထိုပြင်ဆင်ချက်သည် ယနေ့အထိ အတည်ဖြစ်နေဆဲ ဖြစ်သည်။ 

 Tesla အနေဖြင့် တရုတ်ပြည်တွင်းမှာ အဦးဆုံးထုတ်လုပ်သည့် Model 3 များ အကျုံးဝင်ပြီး ၎င်းကားများကို ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ဝယ်လက်များထံ စတင်ပေးပို့ခဲ့သည်။ 

၂၀၂၀ ဇန်နဝါရီလမှ မေလအတွင်း တရုတ်ပြည်ဖြစ် Tesla  Model 3  စီးရေ ၃၁,၂၅၆ ကို တရုတ်ပြည်တွင်းဈေးကွက်မှာ ရောင်းချခဲ့ကြောင်း တရုတ်နိုင်ငံ အိမ်စီးကားအသင်း China Passenger Car Association (CPCA) မှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ ထိုကားများတွင် အများစုမှာ တသီးပုဂ္ဂလ ဝယ်ယူကြခြင်းဖြစ်ရာ လူအမည်ပေါက်ဖြင့် ဝယ်ယူထားသည့် ကားများ ဖြစ်သည်။ 

အနည်းစုမှာ ကုမ္ပဏီ အမည်ပေါက်ဖြင် ဝယ်ယူထားခြင်း ဖြစ်ပြီး သက်တမ်း ၂ နှစ် ပြည့်ပြီးချိန်တွင် သက်ဆိုင်ရာ ကုမ္ပဏီထံ Tesla က အသိပေးနှိုးဆော်စာများ ပေးပို့ခြင်း ဖြစ်သည်။ 

Tesla က ကုမ္ပဏီများကို အစောကတည်းက သတိပေးနှိုးဆော်စာများ ပေးပို့သင့်သည်။ ယခုလို အခါနှောင်းမှ နှိုးဆော်စာကို ပေးပို့သဖြင့် ဘာမှ လုပ်မရ ဖြစ်နေကြရသည်ဟု မကျေမနပ် ပြောဆိုခြင်းများလည်း ရှိနေပေသည်။

တရုတ်ပြည်တွင်း အီးဗီထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်ကြသည့် NIO  နှင့်  Xpeng Motors တို့က ၎င်းတို့၏ ဝယ်လက် ကုမ္ပဏီများထံ ၎င်းအချက်ကို ရှင်းလင်းပြတ်သားစွာဖြင့် အစောကတည်းက အသိပေးနှိုးဆော်စာများ ပေးပို့ခဲ့ကြသည်။ Tesla က ၎င်းအချက်ကို သိရှိလိုက်နာဖို့သည် ယာဉ်ပိုင်ရှင် ကုမ္ပဏီ၏ တာဝန်ဟု ခံယူထားသည်။ 

#MyanmarAutomobileGuide

https://t.me/Guid4U

 Telegram Channel

https://t.me/Guid4U/341

Read 6724 times