Tesla က ရှန်ဟိုင်းစက်ရုံကို တစ်နှစ် စီးရေ  ၁ သန်းကျော် ထုတ်လုပ်နိုင်ဖို့ အဆင့်မြှင့်တင်


Tesla က ရှန်ဟိုင်းစက်ရုံကို တစ်နှစ် စီးရေ  ၁ သန်းကျော် ထုတ်လုပ်နိုင်ဖို့ အဆင့်မြှင့်တင်

Tesla က တရုတ်ပြည်မှ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံ Gigafactory Shanghai တစ်စိတ်တစ်ပိုင်းကို အလုပ်ပိတ်ထားပြီး တစ်ပတ်လျှင် ကားစီးရေ ၂၁,၀၀၀ ထုတ်လုပ်နိုင်စေဖို့ အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့ ကိုဗစ်လော့ဒေါင်းကြောင့် စက်ရုံပိတ်ထားခဲ့ရပြီးတဲ့နောက်မှာ ပြန်လည် လည်ပတ်တဲ့အခါ ဘက်ထရီအပါအဝင် လိုအပ်တဲ့ အစိတ်အပိုင်းများ ပြတ်လပ်မှုကြောင့် အကန့်အသတ်ဖြင့်သာ ထုတ်လုပ်မှုကို လုပ်ကိုင်ခဲ့ရပါတယ်။

ယခု Tesla ကိုယ်တိုင်က စက်ရုံရဲ့ ထုတ်လုပ်မှု တစိတ်တစ်ပိုင်းကို ပိတ်ထားပြီး အဆင့်မြှင့်တင်မှုများ အကြီးအကျယ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်ကို ဇူလိုင်လမှာ စတင်မှာ ဖြစ်ပါတယ်။ ဩဂုတ်လဆန်းပိုင်းအထိ ကြာမြင့်ပါမယ်။ အဆင့်မြှင့်တင်ပြီးရင် တစ်ပတ်လျှင် ကားစီးရေ ၂၁,၀၀၀ ကျော် ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။

အတိအကျ ပြောရလျှင် Gigafactory Shanghai အဆင့်မြှင့်တင်မှုကို ဩဂုတ်လ ၇ ရက်မှာ ပြီးစီးမယ်လို့ လျာထားပါတယ်။ 

Model Y SUV ထုတ်လုပ်မှု ကိုဗစ်အကြိုကာလတွင် တစ်ပတ်လျှင်စီးရေ ၁၁,၀၀၀ ထုတ်လုပ်ခဲ့ပြီး အဆင့်မြှင့်တင်မှု ပြီးစီးတဲ့အခါ တစ်ပတ်လျှင် စီးရေ ၁၄,၀၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

Model 3 sedan  ထုတ်လုပ်မှု ကိုဗစ်အကြိုကာလတွင် တစ်ပတ်လျှင်စီးရေ ၅,၅၀၀ ထုတ်လုပ်ခဲ့ပြီး အဆင့်မြှင့်တင်မှု ပြီးစီးတဲ့အခါ တစ်ပတ်လျှင် စီးရေ ၇,၀၀၀ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

 နှုန်းထားအသစ်အရ အပတ်စဉ် ထုတ်လုပ်နိုင်ခဲ့ရင် Tesla ရဲ့ Gigafactory Shanghai က တစ်နှစ်လျှင် လျှပ်စစ်ကား စီးရေ ၁ သန်းကျော် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

မကြာသေးခင်က Tesla စီအီးအို Elon Musk က Gigafactory Shanghai ရဲ့ ထုတ်လုပ်မှု စွမ်းအားပြည့် ပြန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိနှုန်းထားအရ တစ်နှစ်လျှင် စီးရေ  ၅ သိန်းခန့် ထုတ်လုပ်နိုင်စွမ်း ရှိပါတယ်လို့ ၎င်းက ပြောကြားခဲ့ပါတယ်။

Gigafactory Shanghai  မှ ထုတ်လုပ်တဲ့ကားများအနက် အများအပြားကို အာရှဈေးကွက်၊ ဥရောပဈေးကွက်များသို့ တင်ပို့ပါတယ်။

တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ဂျာမနီမှ Gigafactory Berlin နှင့် အမေရိကန်မှ Gigafactory  Texas တို့မှာလည်း စီးရေ ပိုမိုထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ Model Y အီးဗီတွေ တိုးမြှင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

#MyanmarAutomobileGuide 

 Telegram Channel

https://t.me/Guid4U/GigafactoryShanghai

https://t.me/Guid4U

Read 2594 times