Tesla ဝန်ထမ်းဦးရေကိစ္စရပ် အသိပေးကြေညာ


Tesla ဝန်ထမ်းဦးရေကိစ္စရပ် အသိပေးကြေညာ

Tesla Inc စီးအီးအို Elon Musk က ကုမ္ပဏီ ဝန်ထမ်းဦးရေ ၁၀% လျှော့ချဖို့ လိုအပ်နေကြောင်း ကြေညာခဲ့ပြီး ၂ ရက်အကြာမှာ လာမယ့် ၁၂ လတာအတွင်း စုစုပေါင်း ဝန်ထမ်းဦးရေ တိုးမှာ ဖြစ်ကြောင်း ပြောကြားပါတယ်။  လခစားဝန်ထမ်းဦးရေ ယခုအတိုင်း ဆက်ရှိနေမှာ ဖြစ်ပြီး အလုပ်ချိန်နာရီဖြင့် လုပ်ခ ရယူတဲ့ လုပ်ခစား ဦးရေ ပိုများလာမယ်လို့ ဆိုပါတယ်။

Musk က  Tesla အမှုဆောင်အရာရှိများထံသုိ့ ကြာသပတေးနေ့ (ဇွန်လ ၂ ရက်) ပေးပို့ခဲ့တဲ့ အီးမေးလ်တစ်စောင်မှာ သူ့အနေဖြင့် 
အမေရိကန်စီးပွားရေး ဆိုးဝါးလိမ့်မယ်လို့ စိတ်ထဲ ခံစားမိသဖြင့် ဝန်ထမ်းဦးရေ ၁၀% လျှော့ချဖို့ လိုအပ်မယ်လို့ အသိပေး ပြောကြားခဲ့ပါတယ်။

ဇွန်လ ၄ ရက် သောကြာနေ့မှာ ပေးပို့တဲ့ ကုမ္ပဏီတွင်း အီးမေးလ်မှာ  နေရာအများအပြားမှာ ပိုလျှံဝန်ထမ်းတွေ ရှိနေလို့ Tesla က လခစား ဦးရေကို ၁၀% လျှော့ချမယ်။ နာရီစား ဦးရေ တိုးမယ်လို့ ဆိုပါတယ်။ 


Tesla  ပင်မကုမ္ပဏီနှင့် လက်အောက်ခံ လုပ်ငန်းများမှာ ၂၀၂၁ နှစ်ကုန်မှာ ဝန်ထမ်းစုစုပေါင်း ၁၀၀,၀၀၀ နီးပါး ခန့်ထားပါတယ်။ 

 ဇွန်လ ၁ ရက် မှာ Elon Musk က ဝန်ထမ်းများ အဆင့်အထိ အီးမေးလ် ပေးပို့ခဲ့ရာ ကိုဗစ်ကြောင့် လုပ်ငန်းခွင်သို့ မလာသူများ၊ အိမ်မှ အလုပ်လုပ်သူများ အားလုံး လုပ်ငန်းခွင်သို့ မပျက်မကွက် လာကြရမည်ဖြစ်ပြီး သီတင်းပတ်တစ်ပတ်လျှင် အနည်းဆုံး နာရီ ၄၀ ရုံးမှာ အလုပ်လုပ်ကြရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက အလုပ်မှ နုတ်ထွက်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း ရာဇသံ ပေးခဲ့ပါတယ်။


ယခုလို Elon Musk က အမေရိကန် စီးပွားရေး မကောင်းလို့ လူလျှော့မယ်ဆိုတဲ့ သတင်းကြောင့် သောကြာနေ့မှာ ရှယ်ယာဈေးနှုန်း ၉.၂% ကျဆင်းပါတယ်။

Read 2192 times