အာကာသထဲ ၅ နှစ်ကြာ မောင်းနှင်နေဆဲ Tesla အိမ်စီးပြိုင်ကား
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
Tesla roadster အိမ်စီးပြိုင်ကားကို "Starman" ဟု အမည်ပေးထားသော ယာဉ်မောင်းရုပ်တုက အာကာသထဲ မောင်းနှင်နေသည်မှာ ၅ နှစ်ရှိပြီ ဖြစ်သည်။
Tesla နှင့် SpaceX တို့၏ စီအီးအို အီလွန်မတ်စ်၏ ကားဖြစ်ပြီး အာကာသထဲ အဆုံးမရှိသော ခရီးကို နှင်နေဆဲ ဖြစ်သည်။ နောက်ထပ် ထောင်စုနှစ် ၃,၀၀၀ ပြည့်နှစ် ကျော်လွန်သည်အထိ ဆက်ရှိနေဦးမည်ဟု မျှော်လင့်ထားသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့တွင် ယာဉ်မောင်း Starman အာကာသထဲ ကားမောင်းနေသည်မှာ ၅ နှစ်တင်းတင်း ပြည့်ခဲ့သည်။
၅ နှစ်ပြည့်ချိန်တွင် ရရှိသော အချက်အလက်များအရ နေကို ပတ်နေသည့် ပတ်လမ်း၏ လေးပုံသုံးပုံကို ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။
ကမ္ဘာမှ မိုင်ပေါင်း ၂၀၃ သန်း၊ ကီလိုမီတာ ၃၂၇ သန်း အကွာအဝေးတွင် ရောက်ရှိနေသည်။
၎င်းကား၏ တည်နေရာကို အချိန်နှင့် တပြေးညီ ဖော်ပြပေးနေသည့် ဝဘ်ဆိုက်မှာ
https://www.whereisroadster.com/
ဖြစ်ပါသည်။
နေရာတိုင်းနီးပါး လေဟာနယ် ဖြစ်နေသော အာကာသ ဟင်းလင်းပြင်ထဲ ခရီးမိုင် ၂.၅ ဘီလီယံ မောင်းနှင်ခဲ့ပြီးပြီ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်တွင် အင်္ဂါဂြိုဟ်ကို မိုင် ၅ သန်းအကွာမှ ဖြတ်သန်းခဲ့သည်။ လနှင့်ကမ္ဘာ ကြားအကွာအဝေး၏ အဆ ၂၀ ခန့် အကွာအဝေး ဖြစ်ပါသည်။
ယခုတင်ပြသည့် အချက်အလက်များမှာ တွက်ချက် ခန့်မှန်းထားခြင်း ဖြစ်ပါသည်။ အကယ်၍ အာကာသထဲ ဥက္ကာပျံ အစိုင်အခဲ ကြီးကြီးမားမားနှင့် ဝင်တိုက်မိသည်ဆိုပါက ၎င်း roadster သည် တိုက်ကြေကား ဖြစ်နေပေလိမ့်မည်။
၂၀၁၈ တွင် အလေးချိန် ပေါင် ၃ သန်းရှိသည့် Falcon Heavy ဒုံးပျံဖြင့် အာကာသထဲသို့ roadster ကို ပို့ဆောင်ခဲ့ပြီး ဒုံးပျံ ထိပ်ဖူးမှာ လိုက်ပါသွားသည့် roadster ကို အာကာသထဲ စေလွှတ်ခဲ့ပါသည်။
နာမည်ကြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထု “The Hitchhiker’s Guide to the Galaxy.” ထဲမှ ဇာတ်ရုပ်အမည် Starman ဖြင့် အမည်ပေးထားသည့် ယာဉ်မောင်းရုပ်တုကို အာကာသဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ပေးထားပါသည်။
ဒက်ရှ်ဘုတ်တွင် "ထိတ်လန့်ကြောက်ရွံ့မှု မဖြစ်ပါနှင့်" “Don’t Panic” ဟု စာသားဖော်ပြပေးထားသည်။
Falcon Heavy ဒုံးပျံကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ရာတွင် တကယ့်ဂြိုဟ်တုအစား အလေးချိန် ရှိသည့် ဝန်အတု တင်ပြီး စေလွှတ်ရန် လိုအပ်ပြီး ၎င်းဝန်အတုကို အာကာသထဲ ဂြိုဟ်တုကို စေလွှတ်သည့်နှယ် စေလွှတ်ရန် လိုအပ်သဖြင့် roadster တစ်စီးကို အသုံးပြုခဲ့ကြခြင်း ဖြစ်သည်။
ကားပေါ်တွင် ဒေတာများ သိုမှီးပေးထားသည့် ကိရိယာတစ်ခု တင်ပေးလိုက်သည်။ နာမည်ကျော် သိပ္ပံစာရေးဆရာ Isaac Asminov ရေးသားထားသည့် စာများ ထည့်ပေးထားသည်။
SpaceX ဝန်ထမ်း ထောင်ပေါင်းများစွာ၏ အမည်များကို ရေးထိုးထားသော ကမ္ဗည်းပြားကိုလည်း ကပ်ပေးလိုက်သည်။
Roadster သည် ကမ္ဘာနှင့် အနီးဆုံးနေရာသို့ ၂၀၃၅ တွင် ရောက်ရှိမည်။ ထို့နောက် ၂၀၄၇ တွင် တစ်ကြိမ်၊ ၂၀၅၀ တွင် တစ်ကြိမ်ရောက်ရှိမည်ဟု အမေရိကန်အာကာသသိပ္ပံအေဂျင်စီ NASA က တွက်ချက်ခန့်မှန်းပေးထားသည်။
NASA သည် အာကာသထဲ ရောက်ရှိနေသည့် အရာဝတ္ထုများကို အစဉ် မှတ်တမ်းပြုနေသည်။
၎င်း Tesla roadster ကို 143205, “SpaceX Roadster (spacecraft) (Tesla)” ဟု စာရင်းသွင်းပေးထားသည်။
http://orbitsimulator.com/ ဝဘ်စာမျက်နှာသို့ သွားရောက်ပြီး roadster ၏ အတိတ်နှင့် အနာဂတ် တည်နေရာအချို့ ဖော်ပြထားသည်ကို roadster ဟု စာရိုက်ပြီး ရှာကြည့်နိုင်ပါသည်။
Source cnn
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U