Tesla ပထမဆုံး ထရပ်ကား လွှဲပြောင်းပေးအပ်


Tesla ပထမဆုံး ထရပ်ကား လွှဲပြောင်းပေးအပ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Tesla Inc မှ အမှုဆောင်အရာရှိချုပ် Elon Musk သည် ထရပ်ကား၏စျေးနှုန်း၊ ထုတ်လုပ်မှုအစီအစဥ်များ၊ ကုန်တန်ချိန် မည်မျှအထိ သယ်ယူနိုင်သည်ကို ရှင်းလင်းပြောကြားခြင်း မပြုဘဲ  ကြာသပတေးနေ့ (ဒီဇင်ဘာ ၁ ရက်) တွင် ကုမ္ပဏီ၏ ပထမဆုံးအကြီးစား မော်တော်ယာဉ် Semi ကို ထိပ်တန်း အဖျော်ယမကာလုပ်ငန်း PepsiCo သို့ ပေးပို့ခဲ့ပါသည်။

လျှပ်စစ်ထရပ်ကား ထုတ်လုပ်မည်ဖြစ်ကြောင်း Tesla က ပြောကြားခဲ့သည်မှာ ၅ နှစ်ကြာခဲ့ပြီးချိန်တွင် ပထမအသုတ် လျှပ်စစ်ထရပ်ကားများကို မှာကြားထားသူထံ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်ပါသည်။ 

Tesla ၏ နီဗားဒါးစက်ရုံတွင် ကျင်းပသည့် Semi လွှဲပြောင်းပေးအပ်ပွဲတွင် စင်မြင့်ပေါ်၌ အီလွန် မတ်စ်က Semi ကို မိတ်ဆက်ပေးခဲ့ရာ ဘက်ထရီပါဝါသုံး ခရီးဝေးထရပ်ကားသည် အဝေးပြေးလမ်းမများတွင် ဒီဇယ်အင်ဂျင်သုံးကြသည့် ထရပ်ကားများထံမှ ညစ်ညမ်းဓာတ်ငွေ့ထုတ်လွှတ်မှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်ရှိထရပ်ကားများ၏ ဒီဇယ်အင်ဂျင် ပါဝါထက် Semi က သာလွန်ကြောင်း၊ ပိုမိုဘေးကင်းကြောင်း၊ နောက်ထပ် ထုတ်လုပ်မည့် Cybertruck ပစ်ကပ်တွင်လည်း သုံးစွဲမည်ဖြစ်သည့် အမြန်အားသွင်းနည်းပညာကို သုံးစွဲထားကြောင်း Musk က ပြောကြားသည်။


ကုမ္ပဏီသည် Semi အတွက် စျေးနှုန်းကို မကြေညာခဲ့ပါ။PepsiCo မှ မှာကြားထားသည့် စီးရေကို ပေးအပ်မည့် အချိန်ဇယားကိုလည်း ပြောကြားခြင်း မပြုပေး။ အခြားအမှာစာများအတွက် မည်သည့်အချိန်တွင် ရရှိမည်ကိုလည်း ပြောကြားခြင်း မပြုချေ။
Semi ကို ကယ်လီဖိုးနီးယားရှိ Tesla ၏ Fremont ကားစက်ရုံအတွက် ယာဉ်အစိတ်အပိုင်းများ သယ်ယူပို့ဆောင်ရေးအတွက် သုံးစွဲမည်ဟု Tesla က ပြောကြားပါသည်။

၂၀၁၇ ခုနှစ်တွင် Tesla သည် မိုင် ၃၀၀ ခရီးတာအထိ သွားနိုင်သော Semi ဗားရှင်းကို ကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြင့် ရောင်းချမည်ဟုပြောကြားခဲ့သည်။
မိုင် ၅၀၀ ခရီးတာ ဗားရှင်းကို ကန်ဒေါ်လာ ၁၈၀,၀၀၀ ဖြင့် ရောင်းချမည်ဟုပြောကြားခဲ့သည်။
Tesla ၏ အိမ်စီး လျှပ်စစ်ကားမော်ဒယ်များ ဈေးအကြိမ်ကြိမ် တက်ခဲ့ပါသည်။ သို့ဖြစ်ရာ Semi လည်း ဈေးတက်မည်ဟု ခန့်မှန်းနိုင်ပါသည်။

ယခုနှစ်တွင် Semi စီးရေ ၁၀၀ ထုတ်လုပ်ရန် လျာထားပါသည်။
Tesla သည် ၂၀၂၄ ခုနှစ်တွင် ထရပ်ကား အစီးရေ ၅၀,၀၀၀ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း Musk က ပြောကြားခဲ့ပါသည်။
.
PepsiCo သည် ၂၀၁၇ တွင် စီးရေ ၁၀၀ မှာကြားခဲ့သဖြင့် ယခုနှစ် ထုတ်လုပ်သည့် စီးရေ ၁၀၀ ကို PepsiCo ရရှိလိမ့်မည်ဟု ယူဆနိုင်ပါသည်။

Brewer Anheuser-Busch, United Parcel Service Inc, Walmart Inc အစရှိသည့် ကုမ္ပဏီများကလည်း Semi ကို မှာကြားထားကြသော်လည်း Tesla က ထရပ်ကားပေးအပ်မည့် အချိန်ဇယားကို ပြောကြားခြင်း မရှိပေ။
Semi ကို အစမ်းမောင်းနှင်မှုများ ဆောင်ရွက်ခဲ့ကြောင်း၊ အားအပြည့် တစ်ကြိမ်သွင်းပြီး မိုင်၅၀၀ ခရီးကို မောင်းနှင်ခဲ့ကြောင်း၊ ယာဉ်အလေးချိန်နှင့် ကုန်စည်အလေးချိန် စုစုပေါင်း ပေါင် ၈၁,၀၀၀ ရှိကြောင်း Tesla က ပြောကြားပါသည်။ Semi ၏ ယာဉ်အလေးချိန်ကို ပြောကြားခြင်း မပြုပါ။ 

Tesla Semi Delivery Event


Tesla ကျင်းပသည့်ပွဲများတွင် တက်ရောက်လာသူများက မေးမြန်းသည့် မေးခွန်းများကို ဖြေကြားပေးလေ့ရှိသော်လည်း ယခုပွဲတွင် အမေးအဖြေကဏ္ဍ မပါချေ။

Tesla က Semi ကို ၂၀၁၇ တွင် ထုတ်ပြခဲ့သည်။ ၂၀၁၉ တွင် စတင်ထုတ်လုပ်ရန် လျာထားခဲ့သည်။ 
Daimler ၏ Freightliner, Volvo, လုပ်ငန်းသစ် Nikola နှင့်  Renault အပါအဝင် ပြိုင်ဘက်များက လျှပ်စစ်ထရပ်ကားများ ထုတ်လုပ်ရောင်းချနေကြပြီဖြစ်ရာ Tesla က နောက်ကျနေခဲ့သည်။

Walmart သည် Freightliner ၏  eCascadia ထရပ်ကားမော်ဒယ်၊ Nikola ၏ Tre BEV ထရပ်ကားမော်ဒယ်တို့ကို ကယ်လီဖိုးနီးယားတွင် သုံးစွဲနေပြီ ဖြစ်သည်။

Semi ကို Tesla ၏  Supercharger စနစ်ကို အသုံးပြုပြီး 1 megawatt အားသွင်း နိုင်သည်။ ၎င်းစနစ်၏ အားသွင်းကြိုးတွင် အပူမလွန်အောင် အရည်ဖြင့် အပူချိန်ထိန်းပေးထားသည်။ 
နောက်လာမည့် Cybertruck ပစ်ကပ်တွင်လည်း 1 megawatt အားသွင်း နိုင်မည်ဟု Musk က ပြောကြားသည်။ Cybertruck ကို နောက်နှစ် ၂၀၂၃ တွင် ထုတ်လုပ်ရန် လျာထားပါသည်။

မိုင် ၅၀၀ မောင်းနှင် မှတ်တမ်း

Semi တွင် မော်တာ ၃ လုံး ထိုင်ထားသော်လည်း အဝေးပြေးလမ်းမပေါ်တွင် ပုံမှန်မောင်းနှင်နေချိန်တွင် မော်တာ ၁ လုံးတည်းကိုသာ အသုံးပြုသည်။ ကျန် ၂ လုံးကို အရန်အင်အားအဖြစ် ထားသည်။ ထရပ်ကား အရှိန်တင်သည့်အခါ ၎င်းမော်တာများ ထလည်ပြီး ပါဝါဖြည့်တင်းပေးမည် ဖြစ်သည်။
မော်တာပါဝါသည် ထရပ်ကားများတွင် တပ်ဆင်သည့် ဒီဇယ်အင်ဂျင်အကြီးစားနည်းတူ ပါဝါ အားပြင်းသည်။ "အခြေခံအားဖြင့် ဆင်လို အားရှိပြီး အပြေးအမြန်ဆုံးသတ္တဝါဖြစ်တဲ့ ချီတာကျားသစ်လို ပြေးပါတယ်" ဟု Musk က ပြောကြားသည်။
Source: Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 1185 times