Tesla သမိုင်းကြောင်းမှာ Toyota နှင့် လက်တွဲခဲ့တဲ့ ဖရီးမွန့်စက်ရုံမှ စီးရေ ၂ သန်းမြောက် ထုတ်လုပ်
Tesla ရဲ့ စီအီးအို Elon Musk က အမေရိကန်နိုင်ငံရှိ Tesla ရဲ့ ပထမဆုံးကားစက်ရုံ Fremont Factory မှ Tesla စီးရေ ၂ သန်းမြောက် ကားကို ထုတ်လုပ်ကြောင်း လူမှုကွန်ရက် ပလက်ဖောင်း Twitter မှာ ကြေညာပါတယ်။
Fremont Factory က မူရင်းမူလက GM Fremont Assembly စက်ရုံဖြစ်ခဲ့ပြီဂ ၁၉၆၂ မှ ၁၉၈၂ အထိ GM ရဲ့ ကားတွေ တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။ Toyota နှင့် GM တို့ က ဖက်စပ်လုပ်ငန်း New United Motor Manufacturing, Inc. (NUMMI) ထူထောင်လိုက်ကြပြီးချိန်မှာ NUMMI အတွက် ကားတွေကို ၁၉၈၄ မှ ၂၀၀၉ အထိ ထုတ်လုပ်ခဲ့ပါတယ်။ NUMMI ကို ဖျက်သိမ်းလိုက်ပြီး ၂၀၁၀ ဧပြီလမှာ စက်ရုံကို ပိတ်ထားလိုက်ပါတယ်။ Toyota လက်ထဲ စက်ရုံ ကျန်ရစ်ပါတယ်။
အဲဒီကာလမှာ Tesla က အီးဗီအိမ်စီးပြိုင်ကား ထုတ်လုပ်ဖို့ စက်ရုံ လိုက်လံရှာဖွေနေပါတယ်။ Tesla နှင့် Toyota တို့ လက်တွဲမိကြပြီး စက်ရုံကို Tesla က ဝယ်ယူခဲ့ပါတယ်။ Tesla မှာ အရင်းအနှီး ရှားပါးနေချိန်ဖြစ်လို့ Toyota က Tesla ရဲ့ ရှယ်ယာ ၃.၂၅% ကို ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၅၀ ဖြင့် ဝယ်ယူလိုက်တာဖြစ်ပြီး အရောင်းအဝယ် သဘောတူထားတဲ့ အချက်များအရ အဲဒီ ကန်ဒေါ်လာထဲမှာ ၄၂ သန်းကို Toyota ထံ ပြန်ပေးပြီး စက်ရုံကို ဝယ်ရပါတယ်။ Tesla မှာ ငွေသား ကန်ဒေါ်လာ ၈ သန်း ရရှိပါတယ်။
Toyota အဖို့ အမေရိကန်ဒေါ်လာ သန်း ၅၀ ဟာ မပြောပလောက်တဲ့ ပမာဏ ဖြစ်ပါတယ်။ လုပ်ငန်းသစ် Tesla အဖို့တော့ ရှေ့ဆက်လက် ရှင်သန်လို့ ရသွားစေပါတယ်။
Toyota က ကားတစ်စီးမှ မထုတ်ရသေးတဲ့ လုပ်ငန်းသစ် Tesla နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့ပါတယ်။ တိုယိုတာရဲ့ အကြီးအကဲ Akio Toyoda က သူ့ကုမ္ပဏီအနေဖြင့် Tesla ရဲ့ 'သွက်လက်စွာ ဆုံးဖြတ်ချက်များ ခပ်ရဲရဲချခြင်းနှင့် အခြေအနေနှင့် အချိန်အခါအရ လိုအပ်သလို ပြောင်းလွယ် ပြင်လွယ် ရှိမှုတို့ကို သင်ယူခွင့် ရမယ်လို့ ဆိုပါတယ်။ ထို့ပြင် တစ်ချိန်တုန်းက Toyota ကို Toyoda က စတင်ထူထောင်ခဲ့တာကို ပြန်အမှတ်ရမိစေတယ်လို့ ပြောကြားပါတယ်။
Tesla က အရိုင်းသက်သက် ဖြစ်နေဆဲ ဖြစ်လို့ Toyota ထံမှ ကားစက်ရုံတစ်ခု ဘယ်ကစလို့ ဘာတွေကို ဘယ်လို လုပ်ရမလဲဆိုတာ လမ်းညွှန်းသွန်သင်မှုများ ရရှိပါတယ်။ ထို့ပြင် အရင်းအနှီးလည်း ရရှိတဲ့အပြင် Toyota ပါဝင်ပတ်သက်နေတယ် ဆိုတဲ့ အချက်က ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်တဲ့အချက် ဖြစ်ပါတယ်။
Toyota CEO Akio Toyoda နှင့် Tesla CEO Elon Musk တို့အကြား ပုဂ္ဂိုလ်ရေး ခင်မင်မှု ရရှိခဲ့ကြပြီး ယနေ့တိုင် ဆက်လက်ထိန်းသိမ်းထားကြပါတယ်။
Toyota ပိုင်ဆိုင်တဲ့ Tesla ရှယ်ယာတွေကို ပြန်ရောင်းလိုက်ပြီလို့ Toyota ပြောရေးဆိုရေး တာဝန်ခံက ၂၀၁၇ မှာ ပြောကြားခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ ပြောဆိုခြင်း မပြုပါဘူး။
#MyanmarAutomobileGuide
Telegram Channel