Toyota Probox တွင် ဖြစ်တတ်သော ပြဿနာများ


Toyota Probox ဟာ ပြည်တွင်းမှာ တက္ကစီအဖြစ် အသုံးပြုတာ များပါတယ်။ ယာဉ်နောက်ပိုင်း ကျယ်ဝန်းတဲ့အတွက် ခရိးဆောင်ပစ္စည်းတွေ သယ်ယူလို့လည်း အဆင်ပြေပါတယ်။

Probox အသုံးပြုသူတွေ ကြုံရတတ်တဲ့ ပြဿနာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကျောက်ဆန်ခါပိတ်ဆို့တာ

====================

ကျောက်ဆန်ခါ(catalystic) ပိတ်ဆို့တဲ့အတွက် Probox တွေရဲ့ အင်ဂျင်အပူရှိန်လွန်ကဲတာ ဖြစ်နိုင်ပါတယ်။

မသန့်ရှင်းတဲ့ အရည်အသွေး မပြည့်မီတဲ့ လောင်စာဆီတွေ အသုံးပြုတဲ့အတွက်လည်း အိတ်ဇောပိုက်အတွင်းက ကျောက်ဆန်ခါ ပိတ်ဆို့တဲ့အတွက် အင်ဂျင်ကထုတ်လွှတ်တဲ့ ကာဘွန်ဒိုင်အောက်ဆိုက်နဲ့ အပူငွေ့တွေက အပြင်ကို အပြည့်အ၀ မထွက်နိုင်ဘဲ အင်ဂျင်ဆီကို ဘက်ပြန်ပြီး အပူချိန်မြင့်တက်စေပါတယ်။

ဒါကြောင့် ကျောက်ဆန်ခါပိတ်ဆို့နေရင် ခေတ်မီနည်းပညာနဲ့ ဆေးကြောတာ၊ လုံးဝပျက်ဆီးနေရင် အသစ်လဲလှယ်တာတွေ ပြုလုပ်ပေးရပါမယ်။

အင်ဂျင်အပူရှိန်လွန်တာ

==================

တစ်ပတ်ရစ် probox အသုံးပြုသူတွေ အများဆုံး ရင်ဆိုင်ရတာကတော့ အင်ဂျင်အပူရှိန်ကဲတာပဲ ဖြစ်ပါတယ်။

ပူပြင်းတဲ့အချိန်တွေမှာ သတိမထားဘဲ မောင်းနှင်တာကြောင့် ကားမီးလောင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်အထူးသတိထားသင့်တာက ဂျပန်တစ်ပတ်ရစ်ကားတွေဟာ ရာသီဥတုအေးတဲ့ ဂျပန်နိုင်ငံမှာသာ အသုံးပြုဖို့ သီးသန့်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

ထိုကြောင့် ရာသီဥတု ပူတဲ့အချိန်တွေမှာ ကားကို အထူးသတိထားပြီး စစ်ဆေးသင့်ပါတယ်။

အင်ဂျင်အပူချိန်လွန်ကဲတဲ့အချိန် ဆီပေးသွင်းတဲ့စနစ်ရဲ့ ချို့ယွင်းချက်တွေကြောင့် မီးလောင်တဲအထိ ဖြစ်လာနိုင်ပါတယ်။

ဆီပေးတဲ့ပိုက်စနစ်တွေဟာ အေးတဲ့ရာသီမှာ ပြဿနာမရှိပေမဲံ ပူပြင်းတဲ့ရာသီတွေမှာ အင်ဂျင်အပူရှိန်လွန်ကဲရင် အရည်ပျော်ပြီး လောင်စာဆီတွေ ယိုစိမ့်ရာကတစ်ဆင့် မီးလောင်တဲ့အထိ ဖြစ်လာတတ်ပါတယ်။

ထိုကြောင့် ရာသီဥတုပူပြင်းတဲ့အချိန်တွေမှာ အင်ဂျင်အပူချိန်လွန်ကဲလာလျှင် ချက်ချင်းစက်ရပ်ပြီး ဘာကြောင့်ဖြစ်ရတယ်ဆိုတာ အဖြေရှာဖို့ လိုအပ်ပါတယ်။

သာမိုစတက်အလုပ်မလုပ်တာ

======================

Probox အင်ဂျင်ရဲ့ အပူရှိန်လွန်ကဲစေတာဟာ အအေးပေးစနစ်တွေ ချို့ယွင်းချက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ထို့အတွက် အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ပေးဖို့ လိုအပ်သလို ရေတိုင်ကီထဲက ကူးလင့်တွေ စစ်ဆေးဖြည့်တင်းတာ၊ လဲလှယ်တာတွေပြုလုပ်ဖို့ လိုအပ်ပါတယ်။

အအေးပန်ကာ အလုပ်မလုပ်တာ၊ အင်ဂျင်အအေးပေး ရေတိုင်ကီက ယိုစိမ့်ပြီး ပုံမှန်အလုပ်မလုပ်တော့တာတွေကြောင့် အင်ဂျင်အပူရှိန်လွန်ကဲတာ ဖြစ်နိုင်ပါတယ်။

အအေးပေးစနစ်တွေ အားလုံးကောင်းမွန်ပြီး သာမိုစတက်က အလုပ်မလုပ်တော့တဲ့အတွက် အင်ဂျင်အပူရှိန်မြင့်တက်တာ ဖြစ်နိုင်ပါတယ်။

သာမိုစတက်ရဲ့ သဘာဝကတော့ ရေဒီရေတာလို့ခေါ်တဲ့ ရေတိုင်ကီထဲက အပူချိန်ကို အတိုးလျှော့ထိန်းချုပ်ပေးတာဖြစ်တယ်။

အေးတဲ့ရာသီတွေမှာ အတွင်းကလည်ပတ်တဲ့ ကူးလင့်အရည်တွေ အေးခဲမသွားအောင် သာမိုစတက်ကို ပိတ်ထားပြီး အပူချိန်မြင့်တက်စေပါတယ်။

အထဲကအပူချိန်ဟာ သတ်မှတ်ထားတဲ့အထိ မြင့်တက်လာတာနဲ့ သာမိုစတက်ကို အလိုအလျောက် ပွင့်စေပြီး ပြင်ပက အအေးဓာတ်တွေ ဝင်ရောက်လာစေပါတယ်။

သာမိုစတက်က အလုပ်မလုပ်ဘဲ အမြဲပိတ်နေရင်တော့ အင်ဂျင်အပူရှိန် လွန်ကဲစေမှာ ဖြစ်တယ်။

သာမိုစတက် အသစ် လဲလှယ်ရပါမယ်။

အဆွဲအရုန်းနှေးလာတာ

===================

၂၀၀၂ မော်ဒယ် Probox ဟာ မောင်းနှင်နေရင်း အဆွဲအရုန်းနှေးတာ၊ စက်ရပ်သွားတာတွေ မကြာခဏဖြစ်တတ်ပါတယ်။

အင်ဂျင်ပလပ်တွေနဲ့ ဂက်စ်ပန့်ပ်တွေ အသစ်လဲထားပေမဲ့ ၎င်းပြဿနာမျိုးကြုံနေရတာပါ။

ပြဿနာက စက်နှိုးလိုက်တာနဲ့ ချက်ချင်းနိုးပါတယ်။ အင်ဂျင်ကလည်း လည်ပတ်ပါတယ်။

မောင်းနှင်နေရင်းနဲ့ အဆွဲအရုန်း ကျဆင်းသွားတတ်တာပါ။

များသောအားဖြင့် ကုန်းတက်တွေကို ကျော်တက်ရတဲ့အခါ သိသိသာသာ ဖြစ်တတ်တာပါ။

အင်ဂျင်အဆွဲအရုန်းကျဆင်းတာ၊ ကုန်းတက်တွေမှာ အင်ဂျင်ဆွဲအားကျဆင်းရတာတွေဟာ ဆီမရတာ၊ ဖိနှိပ်အားနည်းတာ၊ မီးပေးစနစ်မှားယွင်းချိန်ညှိထားတာ၊ လေဝင်လေပေါက်ပိတ်ဆို့ပြီး လေအဝင်နည်းတာ၊ အင်ဂျင်အပူလွန်ကဲတာ ဒါမှမဟုတ် အင်ဂျင်အအေးလွန်ကဲတာတွေကြောင့် ဖြစ်တတ်ပါတယ်။

TV screen lock

==============

တစ်ပတ်ရစ်ကားတိုင်းလို ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပါတယ်။

ကား TV screen ကို လော့ခ်ချထားတဲ့အတွက် အသုံးပြုလို့မရတာပါ။

ဂျပန်ကရောင်းလိုက်တဲ့ ယာဉ်ပိုင်ရှင်က ဖျော်ဖြေရေးစနစ်နဲ့ ယာဉ်လမ်းကြောင်းပြစနစ်တွေကို လျှို့ဝှက်နံပါတ်နဲ့လော့ခ်ချထားတာပါ။

အားလုံးအသစ်လဲမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အဲကွန်း ပြဿနာ

=============

၂၀၀၃ မော်ဒယ် Probox မှာ ဖြစ်လေ့ရှိပါတယ်။ ယာဉ်မောင်းနေစဉ် အဲကွန်းဖွင့်တဲ့အခါ ဖွင့်ပြီးတစ်နာရီလောက် ကြာတာနဲ့ အင်ဂျင်က ပုံမှန်အလုပ်မလုပ်တော့တာပါ။

အဲကွန်းကို ပိတ်လိုက်တဲ့အခါ အင်ဂျင်က ဘာချို့ယွင်းချက်မှ မရှိဘဲ ပုံမှန်အလုပ်လုပ်ပါတယ်။

အဲကွန်းစနစ်ကနေ ပါဝါမျှဝေသုံးစွဲတဲ့နေရာမှာ ပြဿနာရှိနေတာ ဖြစ်ပါတယ်။

ဂီယာပြဿနာ

===========

၂၀၀၇ မော်ဒယ် Probox မှာ ဂီယာပြဿနာရှိပါတယ်။ ယာဉ်မောင်းနေစဉ် ဂီယာအသုံးပြုတဲ့အခါ အောက်ခြေကနေ အသံထွက်လာတတ်တာပါ။

ဂီယာစနစ်မှာ ပြဿနာဖြစ်နေပြီဆိုတာကို အချက်ပေးလိုက်တဲ့ အသံပါပဲ။ ဂီယာနဲ့ ဘရိတ်စနစ်တွေမှာ ပြဿနာရှိနေရင်တော့ အန္တရာယ်ရှိနိုင်ပါတယ်။

ထိုကြောင့် အမြန်ဆုံး စစ်ဆေးပြုပြင်သင့်ပါတယ်။

kumudra

Read 7127 times