Toyota ဥက္ကဋ္ဌ Akio Toyoda အငြိမ်းစားယူရန် စတင်ပြင်ဆင်
Toyota တည်ထောင်သူ၏ မြေး၊ ကမ္ဘာ့ထိပ်တန်းကားထုတ်လုပ်ငန်း Toyota Motor Corporatio ရဲ့ ဒုတိယသက်တမ်းအကြာဆုံးဥက္ကဋ္ဌဖြစ်သူ Akio Toyoda က အငြိမ်းစားယူရန် ပြင်ဆင်နေပြီလို့ ပြောကြားပါတယ်။
စီအီးအို Akio Toyoda က ကုမ္ပဏီကို ဦးဆောင်ခဲ့တာ ၁၃ နှစ် ရှိပြီ ဖြစ်ပြီး အချိန်အခါနှင့် ဆက်ခံမယ့်သူတစ်ဦးကို ရွေးချယ်ဖို့ သူ စဉ်းစားချင့်ချိန်နေကြောင်း ပြောကြားပါတယ်။
လောလောဆယ်မှာတော့ Toyoda က အငြိမ်းစားယူဖို့ ပြင်ဆင်နေတဲ့အဆင့်မှာ ရောက်ရှိနေပါတယ်။
ကမ္ဘာ့အကြီးမားဆုံး ကားကုမ္ပဏီကြီးကို မျိုးဆက်သစ် ခေါင်းဆောင်များထံ လက်လွှဲပြောင်းပေးဖို့ အစပြု လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။
Toyoda က Toyota Motor Corporation ကို ၂၀၀၉ ခုနှစ်တွင် စတင်တာဝန်ယူခဲ့ပြီးတဲ့အခါ သူက Toyota မှောင်မိုက်နေချိန်မှာ စတီယာရင် ကိုင်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။ ကားမှာ ချို့ယွင်းချက် ပါ နေလို့ ပြန်ခေါ်ယူပြီး ပြုပြင်ပေးရတာ စီးရေ သန်းချီတယ်။ ရောင်းအားတွေ ကျဆင်းနေတယ်။ ကုမ္ပဏီက ဒေါ်လာဘီလျံချီ အရှုံးပေါ်နေတယ်။ အဲဒီအခြေအနေဆိုးတွေဆီမှ လွတ်မြောက်အောင် Toyoda က ကုမ္ပဏီကို ထိန်းကျောင်း မောင်းနှင်ပေးခဲ့ပါတယ်။ အမြတ်အစွန်းများ အမြင့်ဆုံးအဆင့်သို့ ရောက်အောင် လုပ်ဆောင်နိုင်ခဲ့သူအဖြစ် ဂုဏ်ပြုခံရပါတယ်။
ယခု သီတင်းပတ်မှာ ကျင်းပခဲ့တဲ့ ကုမ္ပဏီ နှစ်ပတ်လည် ရှယ်ယာရှင်များ စုံညီအစည်းအဝေးမှာ သူက မျိုးဆက်သစ်ခေါင်းဆောင်များကို သူ့နေရာအတွက် ပြုစုပျိုးထောင်ပေးနေကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။
စီးပွားရေးသတင်းမီဒီယာ Bloomberg ရဲ့ အဆိုအရ အသက် ၆၆ နှစ်အရွယ်ရှိသူ စီအီးအို Toyoda က သူ့ရဲ့ခြေရာနင်းသူမှန်သမျှ “Toyota ဘာကြောင့် တည်ရှိနေရသလဲ ဆိုတဲ့အပေါ် မတုန်မလှုပ်သော ခံယူချက် မလွှဲမသွေ ရှိကို ရှိရမယ်” လို့ ပြောကြားခဲ့ပါတယ်။
"ကုမ္ပဏီရဲ့ ဖလော်ဆော်ဖီကို သဘောပေါက်တဲ့သူ တစ်ဦးဦးကို ကျွန်တော့နေရာ ဆက်ခံမယ့်သူအဖြစ် ကျွန်တော် ရွေးကောက်ပါမယ်" လို့ သူက ပြောပါတယ်။
မတ်လမှာ ကုမ္ပဏီက အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ၃ ဦး ထားရှိခဲ့ပါတယ်။ သူတို့ကို အချိန်တန်တဲ့အခါ Toyoda ရဲ့ နေရာကို ပေးအပ်ဖို့ ပြင်ဆင်ပေးနေတယ်လို့ ယူဆရပါတယ်။
ဘဏ္ဍာရေးမှူးချုပ် Kenta Kon ၊ နည်းပညာရေးရာ အရာရှိချုပ် Masahiko Maeda နှင့် လူ့အရင်းအမြစ် အရာရှိချုပ် Masanori Kuwata တို့ ၃ ဦးမှာ တစ်ဦးဦးက အချိန်ကျရောက်တဲ့အခါ Toyoda ရဲ့နေရာကို ရလိမ့်မယ်လို့ ယူဆနိုင်ပါတယ်။
Toyoda က မိသားစု စီးပွားရေးလုပ်ငန်းထဲသို့ ၁၉၈၄ မှာ ဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဒါရိုက်တာဘုတ်အဖွဲ့မှာ စတင်ပါဝင်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ အမှုဆောင်ဒုဥက္ကဋ္ဌအဖြစ် ရာထူးတိုးခဲ့ပါတယ်။ ၄ နှစ်အကြာ ၂၀၀၉ မှာ ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်လာပါတယ်။
Toyoda ကို Toyotaမှာ ချစ်ခင်နှစ်သက်ဖွယ် ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။
လတ်တလော နှစ်များအတွင်း Toyota တွင် စီမံခန့်ခွဲမှုကို ပြန်လည်နုပျိုရန် Toyoda က ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ သူက အသက်ငယ်ရွယ်သော အမှုဆောင်အရာရှိများနှင့် အနေများခဲ့ပါတယ်။
#MyanmarAutomobileGuide