Toyota Belta တွင်ဖြစ်တတ်သော ပြဿနာများ


Toyota  Belta ဟာ ဈေးနှုန်းသင့်တင့်ပြီး  ဆီစားလဲ သက်သာတဲ့ အတွက် ပြည်တွင်းမှာအသုံးများပါတယ်။ ဘယ်လ်တာမှာ ဖြစ်တတ်တဲ့ပြဿနာအချို့ကို ကားချစ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အဆွဲအရုန်း  ကျဆင်းတာ 

=============

၂ဝဝ၅ မော်ဒယ်လ်  belta ဟာ တစ်နာရီ ၆၀ ကီလိုမီတာထက် ပိုမောင်းလို့ မရတာပါ။ အဲသည့်ကားမှာ အင်ဂျင်ပလတ်၊ အဲယားဖစ်လ်တာ၊ ဆီပန့်တွေ လဲလှယ်ထားပြီးသားဖြစ်တယ်။

အင်ဂျင်ကို ပုံမှန်နှုန်းနဲ့ မောင်းနေချိန်မှာ ဒုက္ခမပေးဘဲ မြန်နှုန်းမြင့်မောင်းနှင်တဲ့အခါ အမြန်နှုန်းမတည်ငြိမ်ဖြစ်ပြီး အင်ဂျင်ဆွဲအားကျဆင်းလာတတ်တာပါ။

ဖြစ်တတ်တာတွေကတော့ ကွန်ဒင်ဆာမကောင်းတာ၊  ကွိုင်အတွင်းမှာ ပြစ်ချက်ရှိနေတာ၊  မီးဖြန့်ဝေ ကိရိယာကွန်တက်ပွိုင့်ရဲ့  ရှေ့ပြေး ယူနစ်အလုပ်မှန်အောင် မလုပ်တာ၊

မီးပွားပလတ်ကြားလွတ် အကွာအဝေး မမှန်တာ၊ လောင်စာစနစ်မှာ ပြစ်ချက်ရှိနေတာ၊ အဆို့ရှင် စပရင်တွေရဲ့တင်းအား  မှန်ကန်မှုမရှိတာ စသည့်အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

(၂)  အင်ဂျင်ချက်မီးလင်းတာ

============ 

၂ဝဝ၆ မော်ဒယ်လ်  Belta ဟာ ပုံမှန်အတိုင်း ချောချောမွေ့မွေ့ မောင်းနှင်နိုင်ပါတယ်။ ဒါပေမဲ့ အင်ဂျင်ချက်မီး (check engine light) လင်းနေပါတယ်။

ပုံမှန်မောင်းနှင်လို့ ရနေပေမဲ့ အင်ဂျင်ချက် မီးလင်းတာဟာ ကားမှာပြဿနာ တစ်စုံတစ်ခုရှိနေတာကို အသိပေးတာဖြစ်ပါတယ်။

အဆင့်မြင့် ဆားဗစ်စင်တာတွေမှာ ကွန်ပျူတာထိုးစစ်ဆေးမှသာ ဘယ်အစိတ်အပိုင်းတွေမှာ ပြဿနာရှိနေတယ်ဆိုတာ အတိအကျသိရှိပြီး ပြုပြင်နိုင်မှာ ဖြစ်တယ်။

(၃) စက်နှိုးရခက်တာ

=========== 

၂ဝဝ၈ မော်ဒယ်လ် belta ဟာ ဆယ်နှစ်လောက် အသုံးပြုပြီးတဲ့အခါမှာ စက်စတင်နှိုးရတာ ကြန့်ကြာလာပါတယ်။

မနက်ပိုင်းမှာဖြစ်လေ့ရှိပြီး သော့ကို နှစ်ကြိမ်၊ သုံးကြိမ် လှည့်နှိုးမှနိုးပါတယ်။

အင်ဂျင်နှိုးတဲ့အခါ ဂီယာအားလုံး လွတ်ကင်းတဲ့ အနေအထား ဖြစ်ရပါမယ်။

စက်နှိုးရမယ့် ဘက်ထရီဟာ အလွန်အားကောင်းပြီး ဝါယာအဆက်အသွယ်တွေလည်း ကောင်းမွန်ရပါမယ်။

အဲဒါကြောင့် ဘက်ထရီ၊ ဘက်ထရီနဲ့ ဆက်သွယ်ထားတဲ့ ဝါယာရင်းစနစ်တွေကို အရင်ဆုံး စစ်ဆေးသင့်ပါတယ်။

အင်ဂျင်အေးလွန်းတာက ကရိုင်းလည်ပတ်ပေမဲ့ နှေးကွေးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၄)အသံမြည်တာ

========= 

၂၀၁၀ မော်ဒယ်လ် belta ကို မြန်နှုန်းမြင့် မောင်းနှင်တဲ့အခါ ရှေ့ခန်းခရီးသည်ထိုင်တဲ့ဘက်က အသံမြည်တာပါ။

တောင်တက် ခရီးတွေမှာ တစ်ဆင့်ပြီးတစ်ဆင့် အရှိန်မြှင့်တင်တဲ့အခါ အသံမြည်တာကို ပိုသိသာပါတယ်။

တမ်း(thumping) အသံမျိုးပါ။ အဲဒါဟာအင်ဂျင်အတွင်းက ထွက်ပေါ်လာတတ်တာပါ။

မိန်းဘယ်ရင်တွေ (main bearings) ချောင်နေတာပါ။ မိန်းဘယ်ရင်တွေကို အမြန်ဆုံး လဲလှယ်ပေးရပါမယ်။(၅) ခေါက်သံထွက်ပေါ်လာ

============= 

၂ဝဝ၉ မော်ဒယ်လ်ဘယ်လ်တာကို အ ရှိန်မြှင့်တင်တဲ့အခါ ခေါက်သံ (knock) ထွက်ပေါ်လာတယ်။ ခေါက်သံဟာကားကို အရှိန်မြှင့်တင်လိုက်တဲ့အခါ ဆက်တိုက်ထွက်ပေါ်လာတတ်ပါတယ်။ သော့ပိတ်ပြီးတဲ့နောက် အတန်ကြာတဲ့အထိ ဆက်တိုက်ထွက်ပေါ်နေတတ်ပါတယ်။ အဲဒါ မီးတိုင်ပင်စောခြင်း (early timing) ကြောင့်ဖြစ်တာပါ။ မီးပေးတာစောတဲ့အတွက်လည်း ဖြစ်နိုင်တယ်။

မီးပွားစောတာ၊ အသုံးပြုတဲ့ လောင်စာညံ့တာ၊ အောက်တိန်းနံပါတ်နိမ့်တွေ အသုံးပြုတာ၊ အလိုအလျောက် မီးပွားရှေ့ပြေး ကိရိယာဟာ လုပ်ဆောင်မှုမြန်နေတာ၊ ဖိုအား၊ အချိုးမြင့်လွန်းတာတွေကြောင့် ဖြစ် နိုင်ပါတယ်။

(၆)မန်နျူရယ် စာအုပ်ပြဿနာ

========== 

မန်နျူရယ်စာအုပ် (owner mannal instruction book)ဟာ ဂျပန်လိုရေးထားတဲ့အတွက် ကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဖတ်လို့မရတာပါ။ အဲဒါကတော့ ဂျပန်တစ်ပတ်ရစ်ကားကို အသုံးပြုတဲ့အတွက် ဖြစ်ရတာပါ။

ဂျပန်ပြည်တွင်းမှာသာ အသုံးပြုဖို့ထုတ်လုပ်ထားတဲ့အတွက် မန်နျူရယ်စာအုပ်ကတော့ ဂျပန်လိုသာရေးသားထားတာပါ။

Kumudra

Read 7879 times