Toyota Motor Corp က လျှပ်စစ်ကား bZ4X အမြောက်အမြား ထုတ်လုပ်မှု စတင်
ဘက်ထရီပါဝါဖြင့်သာ မောင်းနှင်တဲ့ လျှပ်စစ်ကားစစ်စစ် bZ4X မော်ဒယ်ကားများ အမြောက်အမြား ထုတ်လုပ်မှုကို မေလ ၁၂ ရက် ကြာသပတေးနေ့မှာ Toyota Motor Corp က စတင်ပါတယ်။ အဆိုပါကားများကို ရောင်းချခြင်း မပြုဘဲ အငှားစနစ်ဖြင့်သား ပေးအပ်မှာ ဖြစ်ပါတယ်။
ယာဉ်ပိုင်ရှင်မဟုတ်ဘဲ ငှားရမ်းသုံးစွဲသူသာ ဖြစ်တာကြောင့် ကားဘက်ထရီ သက်တမ်းကုန်မှာ ပူပန်စရာ မလိုကြောင်း၊ ကားအဟောင်း တစ်ပတ်ရစ် ပြန်ရောင်းတဲ့အခါ ကားဈေးနှုန်း နည်းလွန်းနေမှာကို ပူပန်ရတာမျိုးလည်း ကင်းဝေးမှာဖြစ်ကြောင်း Toyota က ပြောကြားပါတယ်။
ဂျပန်ပြည်တွင်းဈေးကွက်မှာ ဘက်ထရီပါဝါနှင့် ဓာတ်ဆီအင်ဂျင် ပါဝါ နှစ်မျိုးစပ် ဟိုင်းဘရစ် မော်ဒယ်များကိုသာ လူကြိုက်များပါတယ်။
လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) ကို လူကြိုက်နည်းပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျပန်ပြည်တွင်း ဈေးကွက်ထဲ အိမ်စီးကားရောင်းချစီးရေ စုစုပေါင်းရဲ့ ၁% မျှသာ အီးဗီ ပါဝင်ပါတယ်။
Tesla Inc အပါအဝင် ပြည်ပကားလုပ်ငန်းများမှ အီးဗီများ ဂျပန်နိုင်ငံမှ လမ်းများ အထူးသဖြင့် တိုကျိုမြို့မှာ တွေ့နေမြင်နေရပေမဲ့ စီးရေ နည်းပါးပါတယ်။
Toyota က sport utility vehicles (SUV) အမျိုးအစား အီးဗီမော်ဒယ် bZ4X ကို ဂျပန်ပြည်တွင်း ဈေးကွက်မှာ ပထမ ၄ နှစ်ကို အမေရိကန်ဒေါ်လာ ၃၉,၀၀၀ ဝန်းကျင်ဖြင့် ညီမျှသော ယန်းငွေဖြင့် ငှားရမ်းပါမယ်။ ငှားရမ်းခမှာ အာမခံကြေး၊ ကားပြင်စရိတ်များ ပါဝင်တာကြောင့် စရိတ်ငြိမ်း ၄ နှစ် အမေရိကန်ဒေါ်လာ ၃၉,၀၀၀ ဖြင့် ငှားရမ်းမယ့် သဘော ဖြစ်ပါတယ်။
ပထမ ၄၈ လအတွင်း ကားပြန်အပ်ရင် ပြန်အပ်ကြေး ထပ်ပေးရမှာ ဖြစ်ပါတယ်။
လောလောဆယ်တွင် အီးဗီများ ဂျပန်ပြည်တွင်းဈေးကွက်တွင် အရောင်းမသွက်သော်လည်း အခြေအနေ ပြောင်းလဲသွားသည့်အခါ Toyota အနေဖြင့် ဈေးကွက်ဝေစု ဆုံးရှုံးမည့်အရေး ရှိနေပါတယ်။
၂၀၂၁ မှာ ပြည်ပမှ အီးဗီ ၈,၆၁၀ စီးတင်သွင်း ရောင်းချခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်ထက် စီးရေ ၃ဆနီးပါး ပိုများခဲ့တဲ့အချက်က အပြောင်းအလဲ စတင်တဲ့ လက္ခဏာလို့ ယူဆနိုင်ပါတယ်။
တင်သွင်းရောင်းချတဲ့ အီးဗီတွေမှာ Tesla စီးရေ ၆၀% ဝန်းကျင် ပါဝင်ပါတယ်။
Toyota အနေဖြင့် အီးဗီကို ဝယ်စီးခြင်းအစား ငှားစီးသည့် ပုံစံကို စူးစိုက်ထားပါတယ်။
၂၀၂၁ ဒီဇင်ဘာလမှာ တိုယိုတာက ၎င်း၏ ကားမော်ဒယ်များကို ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး လျှပ်စစ်ကားမော်ဒယ်များ ဖြစ်လာစေဖို့ ယန်း ၈ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၆၂ ဘီလျံ) ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုခဲ့ပါတယ်။
Toyota က ယခုနှစ် ၂၀၂၂ မှာ SUV စီးရေ ၅,၀၀၀ ငှားရမ်းနိုင်ဖို့ ရည်မှန်းချက် ထားရှိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ဂျပန်ပြည်တွင်း ဈေးကွက်ထဲမှာ Tesla စီးရေ ၅,၀၀၀ ဝန်းကျင် ရောင်းချခဲ့ပါတာကို စံအဖြစ်ထားရှိတာ ဖြစ်မယ်လို့ လေ့လာဆန်းစစ်သူတွေက သုံးသပ်ကြပါတယ်။
bZ4X ကို ယခုနှစ် အနှောင်းပိုင်းမှာ ပြည်ပဈေးကွက်များတွင်လည်း စတင်ရောင်းချမှာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံအချို့မှာ ကြိုတင်အမှာစာများ လက်ခံနေပြီ ဖြစ်ပါတယ်။