ထိုင်းမဟာလုပ်ငန်းကြီးများနှင့် အတူလက်တွဲပြီး အီးဗီနှင့် လောင်စာဆဲလ် မော်တော်ယာဉ် နယ်ပယ်ထဲသို့ တိုယိုတာ ဝင်ရောက်
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL
Toyota Motor သည် ထိုင်းနိုင်ငံမှ CP Group ကဲ့သို့သော စီးပွားရေး မဟာလုပ်ငန်းကြီးများနှင့် ပူးပေါင်းကာ ကျယ်ပြန့်သော ကာဘွန်ထုတ်လွှတ်မှုကင်းမဲ့စေရေး ကိစ္စရပ်ကို ထိုင်းနိုင်ငံတွင် စတင်ရန် ပြင်ဆင်နေပါသည်။ လျှပ်စစ်မော်တော်ယာဉ်များနှင့် လောင်စာဆဲ မော်တော်ယာဉ်များအတွက် စီးပွားဖြစ် ထုတ်လုပ်ရောင်းချရန် ရည်ရွယ်ထားသည်။
"ကျွန်တော်တို့ရဲ့ ယခု လုပ်ဆောင်မှုတွေက အနာဂတ် အခြေအနေကို ပြောင်းလဲနိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"ဟု တိုယိုတာ ဥက္ကဋ္ဌ(Chairman) တိုယိုဒါက ပြောကြားသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် တိုယိုတာ ထိပ်ပိုင်းမှ တိုယိုဒါတစ်ဦးတည်းသာ ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း မဟုတ်ပါ။ တိုယိုတာဥက္ကဋ္ဌ (President) Koji Sato လည်း လာရောက်ခဲ့သည်။ တိုယိုတာဒုဥက္ကဋ္ဌ (Vice President) Hiroki Nakajima လည်း လာရောက်ခဲ့ပါသည်။
ဥက္ကဋ္ဌ Akio Toyoda အပါအဝင် တိုယိုတာဦးဆောင်သူများသည် Charoen Pokphand Group CP Group နှင့် Siam Cement Group SCG ထိပ်တန်းအမှုဆောင်အရာရှိများနှင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ဘန်ကောက်၌ တွေ့ဆုံခဲ့သည်။
တိုယိုတာ အမှုဆောင်အရာရှိများသည် ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ကြစဉ်မှာ ထိုင်းမှ လက်တွဲသူများနှင့် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့များ ထုတ်လွှတ်မှု လျော့ပါးကင်းစင်ရေးအတွက် အတူလက်တွဲ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ကို ရှေ့သို့ ဆက်ရွေ့စေခဲ့သည်။
● CP Group သည် ဝင်ငွေစုစုပေါင်း ဒေါ်လာဘီလီယံဆယ်ဂဏန်းရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကဏ္ဍတွင် ကမ္ဘာ့အဆင့် လုပ်ငန်းကြီးတခု ဖြစ်သည်။
● Siam Cement Group တွင် ထိုင်းဘုရင် ဝချီရာ လောင်ကွန်က ရှယ်ယာ ၃၀% ပိုင်ဆိုင်သည်။
Toyota, SCG, CP မဟာလုပ်ငန်းကြီး ၃ ခုတို့သည် ကာဘွန်ထုတ်လွှတ်မှု ထပ်မတိုးခြင်း carbon neutrality ကို ရရှိအောင် အတူတကွ မိတ်ဖက်များအဖြစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြပါသည်။ ၎င်းတို့သည် တိုယိုတာနှင့် ၎င်း၏မိတ်ဖက်ဖြစ်သော Isuzu Motors တို့အပြင် ထိုင်းအငှားကုမ္ပဏီမှ ကျောထောက်နောက်ခံပြုထားသော Commercial Japan Partnership Technologies (CJPT) နှင့် ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။
လုပ်ငန်းအမျိုးအစား မတူဘဲ တခြားစီဖြစ်နေသော မဟာကုမ္မဏီကြီးများသည် ဦးတည်ချက်တစ်ရပ်အတွက် ထိုင်းနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်သည်။
ထိုင်းနိုင်ငံမှ ကားပြိုင်ကွင်း Buriram International Circuit တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကားပြိုင်ပွဲကျင်းပခဲ့ရာ၌ ကားပြိုင်ပွဲ ပြခန်းတွင် ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျော့နည်းပပျောက်ရေး နည်းပညာများကို အသားပေး ပြသခဲ့ရာ တိုယိုတာ ဟိုင်းလပ် ပစ်ကပ်ထရပ် လျှပ်စစ်ကားကို ပြသခဲ့ပါသည်။
တိုယိုတာမှ ဝင်ပြိုင်သည့် ကားများတွင် ဟိုက်ဒြိုဂျင်ပါဝါ ကိုရိုလာ ပြိုင်ကားတစီး ပါဝင်သည်။ ၎င်းကိုရိုလာ ပြိုင်ကားကို တိုယိုဒါ ကိုယ်တိုင်မောင်းနှင်ပြီး drift ဆွဲပြခဲ့သည်။
Akio toyoda သည် ပြိုင်ကား ဝါသနာထက်သန်သူဖြစ်ပြီး "Morizo" အမည်ဖြင့် ပြိုင်ပွဲဝင် ပြိုင်ကားများကို မောင်းနှင်သည်။
အဆိုပါ ဟိုက်ဒြိုဂျင်ပါဝါ ကိုရိုလာ ပြိုင်ကားတွင် အသုံးပြုသည့် ဟိုက်ဒြိုဂျင်ကို CP Group ၏ ကြက်ခြံများမှ ရရှိသည့် ကြက်ချေးများထံမှ ထုတ်ယူခဲ့ခြင်း ဖြစ်သည်။ ကြက်ချေးမှ ဟိုက်ဒြိုဂျင် ထုတ်သည့် လုပ်ငန်းစဉ်ကို တိုယိုတာ၏ ထိုင်းလုပ်ငန်းခွဲက တာဝန်ယူ လုပ်ဆောင်ပေးသည်။
ကြက် အကောင်ရေ ၂၉ သန်းမှ ကြက်ချေးများသည် တစ်နှစ်လျှင် အသေးစား ထရပ်ကား အစီးရေ ၁၀၀,၀၀၀ ကို စွမ်းအင်ပေးနိုင်ကြောင်း Toyota က ပြောကြားသည်။
Isuzu Motors သည် လောင်စာဆဲလ် ထရပ်ကားများကို ကြက်ချေးမှ ရယူသော ဟိုက်ဒြိုဂျင်ကို သုံးစွဲကာ စမ်းသပ်မောင်းနှင်မှုများ လုပ်ဆောင်နေပြီ ဖြစ်သည်။ CP Group ၏ Makro ဟိုက်ပါမားကတ်များသည် ပို့ဆောင်မှုအတွက် ၎င်းထရပ်ကားများကို အသုံးပြုနေပါသည်။
ပြီးခဲ့သည့်နှစ်က ပြီးဆုံးခဲ့သော စမ်းသပ်မှုတွင် ၎င်းထရပ်ကားများသည် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့ထုတ်လွှတ်မှုများကို လျှော့ချနိုင်ခဲ့ကြောင်း ပြသခဲ့သည်။
CP Group နှင့် အရှိန်အဟုန်ဖြင့် စမ်းသပ်မှုများ လုပ်ဆောင်နေသည့်အပြင် တိုယိုတာသည် SCG ထောက်ပံ့ပို့ဆောင်ရေးယာဉ်များအတွက် Hilux EV ကို အသုံးပြုစေမည် ဖြစ်သည်။
တိုယိုတာသည် ထိုင်းနိုင်ငံနှင့် နက်ရှိုင်းသော ဆက်နွှယ်မှု ရှိနေခြင်းကြောင်း တိုယိုတာအဖို့ ဂျပန်သည် ပထမအိုးအိမ်ဖြစ်ပြီး ထိုင်းသည် ဒုတိယအိုးအိမ် ဖြစ်နေသဖြင့် ထိုင်းတွင် စမ်းသပ်မှုများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
တိုယိုတာသည် ထိုင်းနိုင်ငံတွင် အီးဗီများ အင်တိုက်အားတိုက် ထုတ်လုပ်ရောင်းချခြင်း မပြုသေးပါ။
သို့သော် ထိုင်းမှ မဟာလုပ်ငန်းကြီးများနှင့် အတူလက်တွဲပြီး အီးဗီနှင့် လောင်စာဆဲလ် မော်တော်ယာဉ် နယ်ပယ်ထဲသို့ ဝင်ရောက်နေပြီ ဖြစ်ပါသည်။
Source Asia Nikkei
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL