Toyota ရှားပါးပြိုင်ကား ဒေါ်လာ ၂ သန်းခွဲဖြင့် လေလံဆွဲ
အမေရိကန်နိုင်ငံ ဖလော်ရီဒါ စုဆောင်းသူ ကား လေလံပွဲမှာ Toyota ရှားပါးပြိုင်ကားကို အမေရိကန်ဒေါ်လာ ၂ သန်းခွဲဖြင့် လေလံဆွဲခဲ့ပါတယ်။ လေလံအောင်သွားတဲ့သူ မည်သူမည်ဝါဆိုတာတော့ ထုတ်ဖော်အသိပေးခြင်း မရှိပါဘူး။
ရှားပါးပြိုင်ကားက တကယ့် ရှားရှားပါပါး ပြိုင်ကား ဖြစ်ပါတယ်။
ကားမော်ဒယ်က ၁၉၆၇ မှ ၁၉၇၁ အထိ ကာလအတွင်း ထုတ်လုပ်ခဲ့ Toyota 2000GT မော်ဒယ် ဖြစ်ပါတယ်။
ရှားပါးပြိုင်ကားကို ၁၉၆၇ ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ အဲဒါကြောင့် 1967 Toyota-Shelby 2000GT လို့ အမည်တွင်ပါတယ်။
အမည်မှာပါနေတဲ့ "Shelby" က ကမ္ဘာကျော် ပြိုင်ကားမောင်းသမားနှင့် ပြိုင်ကားထုတ်လုပ်သူ Carroll Shelby ကို ဆိုလိုပါတယ်။
၁၉၆၆ မှာ 1967 Toyota-Shelby 2000GT ကို စတင်တည်ဆောက်ပါတယ်။ အဦးဆုံး စထုတ်ကြည့်တဲ့ ကားဖြစ်ပါတယ်။ ချာစီနံပါတ်က MF10-10001 ဖြစ်ပါတယ်။ 2000GT တွေထဲမှာ အဦးဆုံး နံပါတ်ဖြစ်ပါတယ်။
မူလအရောင်က အနီရောင် ဖြစ်ပါတယ်။ အမေရိကန်မှာ ကားဝယ်မယ့်သူတွေကို နမူနာပြသဖို့ သုံးပါတယ်။
နောက်ထပ် 2000GT နှစ်စီးနဲ့အတူ Carroll Shelby လက်ထဲအပ်နှံပြီး ပြိုင်ပွဲဝင် ပြိုင်ကားအဖြစ်သို့ ပြောင်းလဲစေခဲ့ပါတယ်။
အဲဒါကြောင့် ကားစုဆောင်းသူတွေကြားမှာ 1967 Toyota-Shelby 2000GT လို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။
Toyota-Shelby 2000GT တစ်စီးက ဂျပန်မှာ တည်ရှိတဲ့ Toyota Automobile Museum မှာ ပြသထားပါတယ်။
နောက်တစ်စီးက အမေရိကန်မှ ကားစုဆောင်းသူ တစ်ဦးရဲ့ လက်ထဲမှာ ရှိပါတယ်။
၁၉၆၀ ဝန်းကျင်မှာ Toyota ကို ဈေးပေါတဲ့ကားတွေ ထုတ်လုပ်တဲ့ brand အဖြစ် သိထားကြတာကို Toyota က ပြောင်းချင်တယ်။ ဈေးကြီးတဲ့ ပြိုင်ကား ထုတ်လုပ်ဖို့ စိတ်ကူးရကြပြီး 2000GT ကို မွေးဖွားပေးလိုက်ကြတယ်။
Toyota ရဲ့ လူသိများတဲ့ Crown, Corona တို့နှင့်မတူဘဲ အီနလီမှ နာမည်ကြီး ပြိုင်ကား Ferrari နှင့် ဆင်ဆင်တူနဲ့ ဒီဇိုင်းကို သုံးစွဲခဲ့ပါတယ်။
Toyota ရဲ့ ပထမဆုံးပြိုင်ကားတော့ မဟုတ်ပါဘူး။
သူ့အရင် မြင်းကောင်ရေ ၄၄ ရှိတဲ့ Sports 800 ထုတ်လုပ်ဖူးတယ်။
ဒါပေမဲ့ 2000GT က ဈေးအမြင့်တန်းဖြစ်ပါတယ်။ အဲဒီအချိန်က ဈေးအမြင့်တန်းမှ Porsche 911 , Jaguar XKE တို့ထက် ဈေးပိုကြီးပါတယ်။
အနည်းဆုံးရောင်းဈေး အမေရိကန်ဒေါ်လာ ၇,၀၀၀ ဖြစ်ပါတယ်။ ယခုခေတ် ငွေဈေးနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ ဖြစ်ပါတယ်။
ဝယ်စီးတဲ့သူတွေအတွက် အကောင်းစား အရည်အသွေးကို ပေးအပ်တယ်။
Toyota အနေဖြင့် ထုတ်လုပ်စရိတ် မကာမိလို့ ဆက်မထုတ်တော့ဘဲ ရပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
တစ်နှစ်လျှင် စီးရေ ၁,၀၀၀ ထုတ်လုပ်ဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်။ စီးရေ ၃၅၁ စီးသာ ထုတ်လုပ်ခဲ့ပါတယ်။
ရောင်းအားမကောင်း၊ လူကြိုက်လည်း နည်းနေတော့ နိဂုံးချုပ်လိုက်ရတာ ဖြစ်ပါတယ်။
2000GT ရဲ့ ၆ လုံးထိုး ၁၅၀ မြင်းကောင်ရေ၊ သုညမှ တစ်နာရီ မိုင် ၆၀ အမြန်နှုန်းသို့ ၁၀ စက္ကန့်ဖြင့် အရှိန်တင်ပေးနိုင်တဲ့အင်ဂျင်ကို Yamaha က ထုတ်လုပ်ပေးပါတယ်။ သူ့ခေတ်သူ့အခါမှာတော့ အရှိန်တင်နိုင်စွမ်း အမြင့်မားဆုံး ကားတွေထဲမှာ ပါဝင်ပါတယ်။
ဒါပေမဲ့ Toyota ကို အမြင့်တန်းမှ အမှတ်တံဆိပ်လို့ သတ်မှတ်မခံရလို့ ဈေးကြီးပေးပြီး မဝယ်ချင်ကြဘူး။ သူဌေးအကြီးစားတွေ စီးတဲ့ တံဆိပ်တွေကိုသာ ဈေးကြီး ပေးပြီးဝယ်ချင်ကြပါတယ်။
Toyota 2000GT ရဲ့အားနည်းချက်က အရပ်အမောင်းကောင်းတဲ့သူ ဝင်ထိုင်ရင် ခေါင်းမလွတ်ဘူး။
၁၉၆၇ မှာ James Bond ရုပ်ရှင် "You Only Live Twice" မှာ Toyota 2000GT ကို သုံးစွဲတယ်။ အမိုးဖြတ်ထုတ်ထားတဲ့ 2000GT ကို သုံးကြရတယ်။ မင်းသား ရှောင်ကွန်နရီ ကားထဲ ဝင်ထိုင်ရင် ခေါင်းမလွတ်လို့ အမိုးဖယ်ရှား ပေးရတာ ဖြစ်ပါတယ်။ အဲဒီလို ပြုပြင်ထားတဲ့အချက်က သမိုင်းတန်ဖိုး တစ်ခု ဖြစ်တာကြောင့် ကားစုဆောင်းသူတွေကြားမှာ ဈေးကောင်း ရစေမှာ ဖြစ်ပါတယ်။