နှစ်ပေါင်း ၇၀ သမိုင်းကြောင်း ရှိထားတဲ့ Toyota Land Cruiser စိုက်ထူခဲ့တဲ့ မိုင်တိုင်တွေ ရှိတယ်။ နှစ်ပေါင်း ၇၀ တိုင်တိုင် တည်တံ့နေပြီး ဆက်လက်တည်တံ့သွားမယ့် အလားအလာကောင်းတွေ ရှိနေဆဲဖြစ်တဲ့ Land Cruiser ရဲ့ ပထမဆုံးအမည်က Jeep ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်တပ်တွေ ဂျပန်မှာ တပ်စွဲထားတယ်။ တောင်ကိုရီးယားမှာ ပြည်တွံင်းးစစ်ဖြစ်တော့ အမေရိကန်တွေက တောင်ကိုရီးယားဘက်မှ ဝင်တိုက်ပေးတယ်။ အဲဒီ စစ်ပွဲအတွက် ဂျစ်ကား လိုအပ်နေတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက အကြမ်းခံတဲ့ကား၊ မောင်းနှင်ဖို့ လွယ်တဲ့ကား၊ စက်ပြင်ဖို့လည်း ရိုးရှင်းတဲ့ကားဖြစ်တဲ့ Willys Jeep လို ဂျစ်ကားမျိုး လိုအပ်နေတယ်။ တိုယိုတာဆီမှာ ဂျစ်ကား အစီး ၁၀၀ ထုတ်ပေးဖို့ အော်ဒါမှာတယ်။ အဲဒီအချိန်တုန်းက ဂျပန်က အမေရိကန်ကားတွေကို ပုံတူယူပြီး ကားထုတ်တဲ့အဆင့်ပဲ ရှိသေးတော့ Willys Jeep ကို ပုံစံယူပြီး Willys Jeep ထက် နည်းနည်း ပိုကြီးတဲ့ Jeep ကို ထုတ်လုပ်ပြီး အမေရိကန်စစ်တပ်ကို ပေးသွင်းလိုက်တယ်။ လမ်းကြမ်းမှာလည်း မောင်းလို့ရတယ်၊ စက်ပြင်ရတာလည်း ရိုးရှင်းတယ်၊ မောင်းနှင်ဖို့လည်း လွယ်ကူတယ် ဆိုတဲ့ အချက်သုံးချက်ကို ဒေသခံအာဏာပိုင်တွေက သဘောကျကြလို့ တိုယိုတာဆီမှာ သူတို့ ရုံးတွေမှာ သုံးဖို့ ဂျစ်ကားတွေ အော်ဒါမှာကြတယ်။
Toyota Jeep ဆိုပြီး ထုတ်လုပ် ရောင်းချတယ်။ Willys က Jeep အမည် ယူသုံးတာကို ကန့်ကွက်လို့ Toyota BJ လို့ အမည်ပြောင်းလိုက်တယ်။ BJ ဆိုတာက Big Jeep ကို ဆိုလိုတယ်။ Willys Jeep ထက် အရွယ်အစား ပိုကြီးတာကြောင့် ဂျစ်ကြီး လို့ အမည်ပေးလိုက်ကြတာ ဖြစ်ပြီး Jeep ဆိုတဲ့ စာလုံး မပါရအောင် အတိုကောက်ပြုပြီး ဘီဂျေ BJ လို့ လက်တစ်လုံးခြားလုပ်ပြီး အမည်ပေးလိုက်တာ ဖြစ်ပါတယ်။ ရေရှည်မှာ BJ က အဆင်မပြေလောက်တာကြောင့် Toyota Land Cruiser လို့ အမည်ပြောင်းလဲလိုက်တယ်။ အဲဒီအမည်က Jeep ကို လမ်းကြမ်းမောင်းတဲ့ကားဈေးကွက်မှာ စိန်ခေါ်ဖို့ မရည်ရွယ်ဘူး။ လမ်းကြမ်းမောင်းတဲ့ ကားဈေးကွက်မှာ ဘုရင်တစ်ဆူ ဖြစ်နေတဲ့ Land Rover ကို စိန်ခေါ်လိုက်တဲ့ အမည် ဖြစ်ပါတယ်။
ကားချင်းယှဉ်လိုက်ရင် Jeep က အမြင်နုတ်တယ်။ Land Rover က ခန့်ထည်တယ်။ အထင်တကြီး ဖြစ်ရတယ်။ ဒီတော့ တိုယိုတာက Land Rover ကို လမ်းကြမ်းမောင်းတဲ့ကားအမျိုးအစားမှာ ပြိုင်ရမယ့် ပြိုင်ဘက်လို့ သတ်မှတ်ထားလိုက်တယ်။ Land Rover ထက် ပိုသာတဲ့ကားတွေ ထုတ်လုပ်ပြီး ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အဲဒီ Land Cruiser ဆိုတဲ့ အမည်ကလည်း ပြဿနာ ရှိနေပြန်တယ်။ Studebaker ကုမ္ပဏီမှာ Land Cruiser အမည်ဖြင့် ၁၉၅၀ ခုနှစ်ဝန်းကျင်မှာ ထုတ်လုပ်ခဲ့တယ်။ ကံကောင်းချင်တော့ Studebaker က Land Cruiser ကား ထုတ်လုပ်မှုကို ၁၉၅၄ ခုနှစ်မှာ ရပ်ဆိုင်းလိုက်တယ်။ အဲဒီနှစ်မှာ တိုယိုတာက Land Cruiser ဆိုတဲ့အမည်ကို စတင်သုံးစွဲတဲ့နှစ်ဖြစ်နေလို့ ပွတ်ခါသီခါဖြင့် ကင်းလွတ်သွားတယ်။
ဩစတေးလျနဲ့ တောင်အာဖရိက နိုင်ငံတွေမှာ Toyota Land Cruiser တွေ သုံးကြတယ်။ လယ်သမားတွေ၊ မိုင်းတွင်းလုပ်ကိုင်သူတွေ ကြိုက်ကြတယ်။ ဩစတေးလျမှာတော့ Toyota Land Cruiser ကို တကယ်ကြိုက်ကြတယ်။ ထုတ်လုပ်ခဲ့သမျှ Land Cruise တွေရဲ့ ၁၀ % ကျော်ကို ဩစတေးလျနိုင်ငံမှာ ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။
အမေရိကန်မှာတော့ မရောင်းရဘူး။ စစချင်း ရောင်းချတဲ့ ပထမနှစ် တစ်နှစ်လုံးမှာ တစ်စီးပဲ ရောင်းရတယ်။ လမ်းကောင်းမရှိတဲ့ တောနယ်တွေမှာ စီးတဲ့ကားလို့ အမြင်ရှိနေတယ်။ အဲဒီအမြင်ကို ပြောင်းလဲပစ်ဖို့ Land Cruiser Prado ကို Land Cruiser မိသားစုဝင်တစ်ဦးအဖြစ် မွေးဖွားပေးလိုက်တယ်။ ဇိမ်ကျကျနဲ့ မြို့သားတွေ စီးတဲ့ကားအဖြစ် ဒီဇိုင်းထုတ်ထားတယ်။ တောနယ်ဘက် သွားရင်လည်း အထိုက်အလျောက်တော့ အဆင်ပြေတယ်။ အပြည့်အဝတော့ အဆင်မပြေနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကားဒီဇိုင်းက Land Cruiser အစစ် မဟုတ်တော့ဘူး။
မူလ Land Cruiser က အကြမ်းခံတယ်။ မြေအနေအထား ခပ်ဆိုးဆိုးတွေပေါ်မှာ မောင်းနှင်ဖို့ ဒီဇိုင်းထုတ်ထားတယ်။ မူရင်းမူလ BJ ကို နာမည်ပဲ ပြောင်းပေးထားတာ ဖြစ်ပါတယ်။ 20, 40 နဲ့ 70 Series Land Cruiser တွေက Land Cruiser ရဲ့ မူလအခြေခံအချက်တွေကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
၁၉၆၇ ခုနှစ်မှာ တိုယိုတာက SUV ကို FJ55 off-road wagon ဖြင့် လိုင်း အသစ်စဖောက်လိုက်တယ်။ off-roader အဖြစ်ဖြင့် ထုတ်လုပ်တာ ဖြစ်ပေမဲ့ off-roader ရဲ့ ပင်ကိုအရည်အသွေး နည်းနည်းပါးပါးပဲ ပါတယ်။ မိသားစုအိမ်စီးကားရဲ့ ပင်ကိုလက္ခဏာတွေ များများထည့်ပေးထားတယ်။ ၁၉၈၀ မှာ ထုတ်လုပ်တဲ့ 60 Series မှာ SUV ကို အိမ်စီးဇိမ်ခံကားအဖြစ် တိုယိုတာက ထုတ်လုပ်လိုက်တယ်။ ၁၉၈၉ မှာ ထုတ်လုပ်တဲ့ 80 Series မှာလည်း အိမ်စီး ဇိမ်ခံကားအဖြစ် ဦးတည်ထုတ်လုပ်တယ်။ နောက်တော့ 100 နဲ့ 200 Series တွေကို စူပါဇိမ်ခံကားများအဖြစ်ဖြင့် ဆက်လက်ထုတ်လုပ်ပါတယ်။
၁၉၈၀ ပြည့်နှစ်လွန်ကာလမှာ 70 Series ထွက်လာတယ်။ Land Cruiser အပေါ့စားအဖြစ် ထုတ်လုပ်ပြီး Bundera လို့ အမည်ပေးတယ်။ အဲဒီ ဒီဇိုင်းကို အခြေခံပြီး နောက်ထပ် မော်ဒယ်တွေ ဆက်လက်ထုတ်လုပ်ခဲ့ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နာမည်ကို Prado လို့ ပြောင်းလိုက်တယ်။ Land Cruiser ရဲ့ SUV မူကွဲကို အရွယ်နည်းနည်းသေး၊ ဈေးလည်း နည်းနည်းသက်သာတဲ့ကား ဖြစ်ပါတယ်။
တိုယိုတာရဲ့ Land Cruiser တွေမှာ တာရှည်ခံတာအတွက် ဆရာကြီးအဆင့်မှာ ရှိတဲ့ကားမော်ဒယ်က Toyota Land Cruiser FJ40 ဖြစ်ပါတယ်။ အဖိုးဝယ်စီးခဲ့တဲ့ FJ40 ကို သားလက်ထက်မှာ ဆက်စီးလို့ရတယ်။ မြေးလက်ထဲ ရောက်တော့လည်း ပြုပြင်ပြီး ဆက်စီးလို့ ရနေသေးတယ်လို့ ပြောစမှတ်တွင်တဲ့ကားမော်ဒယ် ဖြစ်ပါတယ်။ မသေတဲ့ကား လို့တောင် တင်စားပြီး ပြောကြတယ်။ စီးတဲ့သူသာ သေသွားတယ်။ ကားက သားစဉ်မြေးဆက် ဆက်လက်ရှင်သန်နေတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ FJ40 ကတိုယိုတာ Land Cruiser အတွက် တာရှည်ခံစံချိန်တင်ကား ဖြစ်ပါတယ်။
Land Cruiser 60 Series ကျတော့ ခရီးရှည်မောင်းနှင်တာမှာ စံချိန် ရှိတယ်။
ဆွစ်မှ ခြေသလုံးအိမ်တိုင် ခရီးသွားလာဖို့ ဝါသနာထုံတဲ့ လင်မယား Emil နဲ့ Liliana Schmid တို့က Land Cruiser နဲ့ ၁၉၈၄ မှာ ကမ္ဘာပတ်ကြတယ်။ ခရီးတာ မိုင်ပေါင်း ၄၆၀,၀၀၀ ကို နှစ်ပေါင်း ၃၀ သာသာ ကြာအောင် သွားခဲ့ကြတယ်။ ခရီးတစ်လျှောက်လုံး Land Cruiser 60 Series ကားတစ်စီးတည်းကိုပဲ သုံးစွဲခဲ့ကြတယ်။ နိုင်ငံပေါင်း ၁၈၀ ကျော်ကို ရောက်ခဲ့ကြတယ်။
ခရီးသွားဂီတရဲ့ အချပိုဒ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပေါ်ပေါက်လို့ သီချင်းပြီးဆုံးသွားတာ ၂၀၂၀ ခုနှစ်မှာ ဖြစ်ပြီး နေရာက အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးယီး မြို့တော် အပြင်ဘက် တစ်နေရာမှာ ဖြစ်ပြီး အဲဒီမှာ သူတို့ချစ်တဲ့ Land Cruiser ကို ထားပစ်ခဲ့ရပါတယ်။ အသွားအလာတွေ ကန့်သတ်တားမြစ်တဲ့ အုပ်ချုပ်ရေးယန္တရားတွေက ခရီးဆက်ဖို့ လုံးဝ မဖြစ်အောင် ဟန့်တားထားကြတယ်။ ကားကို အိမ်ပြန်သယ်ဖို့ဆိုတာလည်း ခွင့်ပြုချက် မရလို့ ထားပစ်ခဲ့ကြရပါတယ်။
Land Cruiser က လမ်းကြမ်းမောင်း ကားပြိုင်ပွဲ Dakar ကိုလည်း ဝင်ပြိုင်တယ်။ Dakar ကားပြိုင်ပွဲကို အရင်တုန်းက တောင်အမေရိကကို ပြောင်းရွှေ့ကျင်းပတယ်။ နောက်တော့ ဆော်ဒီအာရေဗျကို ထပ်ရွှေ့ပြောင်းတယ်။ Dakar လို့ နှုတ်စွဲပြီး ခေါ်ဝေါ်နေကြတဲ့ လမ်းကြမ်းမောင်း ကားပြိုင်ပွဲက တကယ်တော့ Toyota Hilux Dakar ခေါင်းစဉ်အောက်မှာ ရောက်နေပြီး ၂၀၁၉ ခုနှစ်မှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ အများထင်မြင်ထားတဲ့အတိုင်း Land Cruiser အနိုင်ရရှိခဲ့ပါတယ်။
Toyota Land Cruiser ကို Toyota Land Speed Cruiser လို့အခေါ်ခံရတယ်။ SUV လိုင်းအသစ်ဖောက်တော့ ဇိမ်ကျကျ စီးဖို့အပြင် အမြန်နှုန်း မြင့်မားဖို့ကိုလည်း ထည့်သွင်းစီမံပေးခဲ့တယ်။ တစ်နာရီ မိုင် ၂၃၀ အထိ ပြေးနိုင်တဲ့ Land Cruiser ဖြစ်နေလို့ Toyota Land Speed Cruiser လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
Nissan Qashqai က ပိုမြန်တယ်လို့ ဆိုကြတာ ရှိပေမဲ့ ထိုင်ထားတဲ့ အင်ဂျင်က Nissan GT-R ဖြစ်နေတယ်။ ဆိုလိုတာက Nissan GT-R အင်ဂျင်ပေါ်မှာ Qashqai ကိုယ်ထည် ဝတ်ဆင်ပေးထားတာ ဖြစ်ပါတယ်။
Toyota Land Cruiser FJ55 ကိုတော့ ‘သံမဏိဝက်’ လို့ ချစ်စနိုး ခေါ်ကြတယ်။ ကားကိုယ်ထည် ချိုးထားတာ အကျည်းတန်ပေမဲ့ အဲဒီကားအတွက် ဒီဇိုင်းထုတ်တဲ့ကာလတုန်းက အဲဒီလိုပုံမျိုးတွေ ရေပန်းစားနေခဲ့တယ်။
Toyota Land Cruiser အကြောင်းတွေ ပြောမယ်ဆို တောသုံးတောင် ပြောမဆုံးပေါင် ဖြစ်ဖို့ပဲ ရှိတယ်။ ဒီတော့ ဤမျှဖြင့် ဘရိတ်အုပ်ပြီး စက်သတ်လိုက်ရပါတယ်။
ရင်းမြစ်။ ။ topgear.com