Alphard ၏အောက်တွင် ခုနစ်ယောက်စီးအမျိုးအစား MPV နောက်တစ်မျိုးဖြစ်သော Noah ကလည်း လူကြိုက်များသော ကားအမျိုးအစားထဲတွင် ပါဝင်လာပြီဖြစ်ပါသည်။
ထို့ကြောင့် Toyota အမျိုးအစားချင်းတူ ခုနစ်ယောက်စီးလည်းဖြစ်သော Noah က မိသားစုများသူများအတွက် ရွေးချယ်သင့်သည့် ကားအမျိုးအစား ဖြစ်ပါသည်။ Toyota Noah ကို ၂၀၀၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး၂၀၀၇ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂၀၀၇ မိုဒယ်မှ ၂၀၁၃ မိုဒယ်အထိကို ဒုတိယမျိုးဆက်နှင့် ၂၀၁၄ မိုဒယ် နောက်ပိုင်းကို တတိယမျိုးဆက်ဆိုပြီး သတ်မှတ်ထားပါသည်။
မြန်မာပြည်ကားဈေးကွက်ထဲတွင် Noah ကို ယခင်နှစ်များက တင်သွင်းထားပြီး နံပါတ်ထွက်ထားသော ၂၀၀၄၊ ၂၀၀၅ မိုဒယ်ကားများသာ တွေ့ရပါသည်။ အင်ဒိုနီးရှားတွင်လည်း Noah ကို Toyota Nav1 ဆိုပြီးထုတ်လုပ်နေပါသည်။ Noah နှင့် ပုံစံချင်းဆင်ပြီး ဆက်နွှယ်မှုရှိသောကားများမှာ Toyota Voxy ၊ Toyota Esquire တို့ ဖြစ်ပါသည်။
Noah ၏အင်ဂျင်မိုဒယ်က 1AZ-FSE ဖြစ်ပြီး Voxy နှင့် အင်ဂျင်အမျိုးအစားချင်း တူပါသည်။ ၂၀၁၃ မိုဒယ်အထိ အင်ဂျင်ပါဝါ ၂၀၀၀ စီစီ တစ်မျိုးတည်းကို ထုတ်လုပ်ထားပြီး ၂၀၁၄ မိုဒယ်တွင် ၁၈၀၀ စီစီနှင့်လည်းထုတ်လုပ်ထားပါသည်။
4WD ၊ 2WD နှစ်မျိုးရှိပြီး Chassis ကို ခွဲမည်ဆိုလျှင် 2WD က AZR60G ဖြစ်ပြီး 4WD က AZR65G ဖြစ်ပါသည်။ Auto ဂီယာလေးချက်နှင့် ထုတ်လုပ်ထားပြီး မြင်းကောင်ရေ ၁၅၂ ကောင်အား ရှိသကဲ့သို့ ၉ ဒသမ ၈စက္ကန့်အတွင်းမှာ ကီလိုတစ်ရာအထိ အရှိန်မြှင့်တင်မောင်းနှင်နိုင်ပါသည်။
Noah က ထိုင်ခုံ သုံးတန်း၊ ခုနစ်ယောက်စီးဖြစ်ပြီး ခြွင်းချက်အနေဖြင့် YY ဂရိတ်မှာတော့ ငါးယောက်စီးအနေနှင့်လည်းလာပါသည်။ ၂၀၀၃၊ ၂၀၀၄ မိုဒယ်များတွင် X ၊ XG ၊ XV ၊ L ၊ S ၊ SG ၊ SV စသောဂရိတ်များရှိပြီးS ၊ SG ၊ SV ဂရိတ်များတွင် ရှေ့/နောက် Spoiler ပါရှိပါသည်။ ဂရိတ်အားလုံးက Dual Aircom ဖြစ်ပြီး ထိုင်ခုံအရောင်က S ဂရိတ်မှာ အတွင်းခန်း အနက်ရောင်နှင့် ကျန်ဂရိတ်များက အသားရောင်ဖြစ်ပါသည်။
Noah ၂၀၀၃၊ ၂၀၀၄ မိုဒယ်၏ ဈေးနှုန်းက အလယ်လျှောက်လမ်း ပါ/မပါ၊ ရှေ့ကင်မရာ ပါ/မပါအပေါ်မူတည်ပြီး ကျပ်သိန်း ၂၇၀ မှ သိန်းသုံးရာ ကြားတွင် ရှိပါသည်။ ထို့နောက် အက္ခရာနှင့် ကားအရောင်အပေါ်မူတည်ပြီး တော့လည်း ၁၀ သိန်းမှ သိန်းသုံးဆယ်ကြား ဈေးကွာဟနိုင်ပါသည်။