အင်ဒိုနီးရှားတွင်  အီးဗီ နှင့် ဟိုက်ဘရစ်များ ထုတ်လုပ်ရန် Toyota ကန်ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြှုပ်န


အင်ဒိုနီးရှားတွင်  အီးဗီ နှင့် ဟိုက်ဘရစ်များ ထုတ်လုပ်ရန် Toyota ကန်ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်

 

တိုယိုတာက လျှပ်စစ်ကားများ ထုတ်လုပ်ရန်အတွက် အင်ဒိုနီးရှားတွင် ဒေါ်လာ ၁.၈ ဘီလီယံ ရင်းနှီးမြုပ်နှံရန် စီစဉ်နေပါတယ်။ 

လျှပ်စစ်ကားများ (EVs) ထုတ်လုပ်ရန်အတွက် လာမည့်ငါးနှစ်အတွင်း အင်ဒိုနီးရှားတွင် ၂၇.၁ ထရီလီယံ ရူပီယာ (ကန်ဒေါ်လာ ၁.၈ ဘီလီယံ) ရင်းနှီးမြှုပ်နှံရန် ဂျပန်ကားကုမ္ပဏီ Toyota Motor Corp က စီစဉ်နေကြောင်း အင်ဒိုနီးရှားစီးပွားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့(ဇူလိုင် ၂၇)တွင် ပြောကြားခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံက လစ်သီယံဘက်ထရီများတွင် အသုံးပြုရန်အတွက် နီကယ်သတ္တုရိုင်းသုိက်များ ကြွယ်ဝစွာ ပိုင်ဆိုင်ထားတာကို အကြောင်းပြုပြီး  အီးဗီများထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းအတွက် ကမ္ဘာ့အချက်အချာဖြစ်လာစေရန် ရည်ရွယ်ထားပါတယ်။

 တောင်ကိုရီးယားမှ Hyundai Motor Group နှင့် LG Group ရဲ့ ယူနစ်ဖြစ်တဲ့ LG Energy Solutions အပါအဝင် အခြားကမ္ဘာ့ကုမ္ပဏီများကလည်း အီးဗီနယ်ပယ်တွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ကြေညာထားပြီးဖြစ်ပါတယ်။

အင်ဒိုနီးရှားစီးပွားရေးဝန်ကြီး အဲလန်ဂါဟာတာတိုက တိုယိုတာသည် ၂ဝ၁၉ ခုနှစ်ကတည်းကစ၍ နိုင်ငံအတွင်း ရူပီယာ ၁၄ ထရီလီယံ ရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

"အင်ဒိုနီးရှားနဲ့ အာဆီယံမှာ ဘီးလေးဘီးဖြစ်ဖြစ်၊ နှစ်ဘီးပဲဖြစ်ဖြစ် အီးဗီယာဉ် ဝယ်လိုအားက တိုးလာမယ်လို့ ယုံကြည်ပါတယ်" ဟု တိုယိုတာ၏ ဒုဥက္ကဋ္ဌ Shigeru Hayakawa နှင့် ယမန်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင်  တွေ့ဆုံ‌ဆွေးနွေးခဲ့ပြီးနောက် အဲလန်ဂါဟာ က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ 

လူဦးရေ သန်း ၂၇၀ ရှိသော အင်ဒိုနီးရှားမှာ  လောင်စာဆီအင်ဂျင်ဖြင့် မောင်းနှင်သည့် မော်တော်ယာဉ်များကို အစားထိုးရန်အတွက် ၂၀၅၀ တွင် လျှပ်စစ်ကားများနှင့် လျှပ်စစ်မော်တော်ဆိုင်ကယ်များသာ ရောင်းချရန် ရည်မှန်းထားကြောင်း ဝန်ကြီးတစ်ဦးက ပြောကြားခဲ့ပါတယ်။ ကာဘွန်ထုတ်လွှတ်မှုများ လျော့ကျစေရန် ရည်ရွယ်ပါတယ်။ 

အင်ဂျင်အစား လျှပ်စစ်မော်တာ ပြောင်းလဲထားတဲ့ မော်တော်ဆိုင်ကယ်များ အပါအဝင် ၂၀၃၀ မှာ လျှပ်စစ်မော်တော်ဆိုင်ကယ် စီးရေ ၂.၂ သန်း လမ်းတွေပေါ်မှာ အသုံးပြုနေဖို့ ရည်မှန်းချက်ကိုလည်း အင်ဒိုနီးရှား ထားရှိပါတယ်။

လာမယ့် ၄ နှစ်အတွင်းမှာ Toyota က ဟိုက်ဘရစ် မော်ဒယ်အမျိုးမျိုး အင်ဒုိနီးရှားမှာ ထုတ်လုပ်သွားဖို့ အစီအစဉ် ရေးဆွဲထားကြောင်း ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အင်္ဂါနေ့ (ဇူလိုင် ၂၆) မှာ Mitsubishi Motors Corp က ၂၀၂၂ မှ ၂၀၂၅ အထိ ကာလအတွင်း ၁၀ ထရီလီယံ ရူပီယာ ရင်းနှီးမြှုပ်နှံပြီး ဟိုက်ဘရစ်နှင့် ဘက်ထရီသုံး အီးဗီများ ထုတ်လုပ်ဖို့ အကောင်အထည်ဖော်မှာဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

 ဂျပန်ကားထုတ်လုပ်သူများ၏ ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်များဟာ အင်ဒိုနီးရှားသမ္မတ Joko Widodo က  ယခုသီတင်းပတ်အတွင်း ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်စဉ် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်ရန် ကတိကဝတ်များအဖြစ်  ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

#MyanmarAutomobileGuide 

 Telegram Channel https://t.me/Guid4U

Source: Bangkok post 

Read 1533 times