Toyota က သုံးလတာ ထုတ်လုပ်မှုကို လျှော့ချသတ်မှတ်
Toyota Motor Corp. က စီးရေတိုးထုတ်ဖို့ ကြိုးစားမှုကို အဟန့်အတားပြုနေတဲ့ ကမ္ဘာ့ပြဿနာများကြောင့် ထုတ်လုပ်ရေး အစီအစဉ်ကို ပြန်လည်သုံးသပ်ခဲ့ပါတယ်။
Toyota Motor Corp. ရဲ့ ဥက္ကဋ္ဌ Akio Toyoda က အလုပ်သမား သမဂ္ဂခေါင်းဆောင်များနှင့် တွေ့ဆုံတဲ့ အစည်းအဝေးမှာ သူက "ကျွန်တော်တို့ရဲ့ ရှေ့မှောက်မှ အခြေအနေများကို ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ လိုအပ်တယ်" လို့ ပြောကြားခဲ့ပါတယ်။
"တကယ်လို့ ကျွန်တော်တို့က ထုတ်လုပ်ရေး အစီအစဉ်ကို ပစ္စည်းပေးသွင်းသူများနှင့်အတူ ကောင်းကောင်း လုပ်မထားဘူးဆိုရင် လက်ပန်းကျကုန်လိမ့်မယ်" လို့ ၎င်းက ပြောကြားပါတယ်။
မကြာသေးမီလများအတွင်း ပစ္စည်းပေးသွင်းရေးကွင်းဆက်များ ကမောက်ကမ ဖြစ်ခြင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှု၊ Toyota စက်ရုံကို ဆိုက်ဘာတိုက်ခိုက်မှုနှင့် ယူကရိန်းကို ရုရှားကျူးကျော်မှု နောက်ဆက်တွဲပြဿနာများတို့ကြောင့် လျော့ကျခဲ့သော ထုတ်လုပ်မှု ပမာဏကို ထေမိအောင် စီးရေတိုးထုတ်ဖို့ ကြိုးပမ်းတဲ့အခါ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုများကို မပါမဖြစ် ထည့်သွင်း စဉ်းစားကြဖို့ Akio Toyoda က မှတ်ချက်ပြုလိုက်တာ ဖြစ်ပါတယ်။
မတ်လကုန်တွင် ကုန်ဆုံးတော့မယ့် ယခုဘဏ္ဍာရေးနှစ်အတွင်း ယခင်က စီးရေ ၉ သန်း ထုတ်လုပ်ဖို့ လျာထားခဲ့ပြီး စီးရေ ၈ သန်းလို့ ပြင်ဆင် သတ်မှတ်ခဲ့ပါတယ်။
Toyota က ရည်မှန်ူချက်ကို မပြောင်းလဲသော်လည်း ပစ္စည်းပေးသွင်းသူများအတွက် ဦပြီ-ဇွန် ၃လပတ်ကာလမှာ ပိုမိုလက်တွေ့ကျတဲ့ ထုတ်လုပ်ရေးအစီအစဉ် ချမှတ်ပေးမှာ ဖြစ်ကြောင်း လူအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် Masanori Kuwata က မတ်လ ၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂက ထောက်ပြသည့်အတိုင်း ဝန်ထမ်းများနှင့် စက်ပစ္စည်းများရဲ့ စွမ်းဆောင်ရည်ထက် ကျော်လွန်သော ထုတ်လုပ်မှု အစီအစဉ်ဟာ မူမှန်မဟုတ်ကြောင်း Toyoda က ၎င်း၏ သမဂ္ဂခေါင်းဆောင်များနှင့် ဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။ "အခြေအနေက မိုင်ကုန်ကို ရောက်နေပြီ။ ထပ်တိုး လုပ်ဆောင်လို့ မရနိုင်တော့ဘူး" လို့ Masanori Kuwata က ပြောကြားပါတယ်။
ကပ်ရောဂါအတွင်း ပစ္စည်းပေးသွင်းကွင်းဆက် ကမောက်ကမဖြစ်နေတာကို အထိုက်အလျောက် အလိုက်သင့် အဆင်ပြေအောင် လုပ်ကိုင်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ကားဝယ်လိုအားကို လိုက်မီဖို့ ထုန်လုပ်မှု တိုးမြှင့်နိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။ ယခုမတ်လမှာ ကားများနှင့် ထရပ်များ တစ်လ စီးရေ ၉၅၀,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ပါတယ်။ ယခင်နှစ်မတ်လတုန်းက စီးရေ ၈၄၃,၃၉၃ ထက် ပိုများတဲ့ ပမာဏကို လျာထားတာ ဖြစ်ပါတယ်။
"ကားတွေမှာ ချို့ယွင်းချက်ပါနေလို့ ပြန်ခေါ်ယူပြီး ပြုပြင်ပေးရတဲ့အခါေတွမှာ ဘေးကင်းရေးနှင့် အရည်အသွေးတို့က ကျန်တာအားလုံးထက် ဦးစားပေးဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ နဖူးတွေ့ ဒူးတွေ့ သင်ခန်းစာ ရခဲ့ကြတယ်" လို့ Toyoda က ပြောကြားပါတယ်။
" လက်ရှိ အကျပ်အတည်း အခြေအနေကို ပစ္စည်းပေးသွင်းသူများ၊ ကားအရောင်းကိုယ်စားလှယ်များနှင့်အတူတကွ ကျွန်တော်တို့ လုပ်ကုိင်ပြီးကျော်လွှားလိုပါတယ်" ဟု ၎င်းက ပြောကြားပါတယ်။
လတ်တလော အနှောက်အယှက်မှာ ပြီးခဲ့သည် သီတင်းပတ်က ဆိုင်ဘာတိုက်ခိုက်မှု ဖြစ်ပြီး ဂျပန်နိုင်ငံရှိ စက်ရုံများအားလုံး ဆက်သွယ်ထားတဲ့ အချိတ်အဆက် ပြတ်တောက်ကုန်ပါတယ်။ ထုတ်လုပ်မှု တစ်ရက် ရပ်ဆိုင်းထားလိုက်ရပါတယ်။ ၎င်းစက်ရုံများမှ စုစုပေါင်း တစ်ရက်တာ ထုတ်လုပ်မှု စီးရေ ၁၃,၀၀၀ လျော့နည်းခဲ့ရပါတယ်။
သို့ဖြစ်ရာ ယခုလအတွင်း ယခင်လျှော့ထုတ်ခဲ့ရသည်တို့ကို ထေမိအောင် စီးရေ တိုးထုတ်ဖို့ မဖြစ်နိုင်တော့ချေ။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
Toyota မော်တော်ယာဉ် ထုတ်လုပ်မှုများ အရေးပေါ်ရပ်ဆိုင်း
Toyota Motor Corp က ပြည်တွင်းထုတ်လုပ်မှုကို လာမယ့် ဧပြီ၊ မေ၊ ဇွန် ၃ လတွင် လျှော့ပြီး ထုတ်လုပ်မယ်လို့ မတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာပါတယ်။ ပစ္စည်းပေးသွင်းသူတွေအဖို့ အလျဉ်မီ ပေးသွင်းနိုင်ဖို့ အခက်အခဲများ ရှိနေလို့ ဝန်ပိနေတာကို သက်သာရာ ရစေဖို့ ဖြစ်ပါတယ်။
ပြည်တွင်းထုတ်လုပ်မှုကို ယခင်ရေးဆွဲထားတဲ့ အစီအစဉ် လျာထားချက်ထက် ဧပြီမှာ ၂၀%၊ မေလမှာ ၁၀% ၊ ဇွန်လမှာ ၅% လျှော့ချ ထုတ်လုပ်မှာ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရသူက ပြောကြားပါတယ်။ သို့သော် ယခင်အစီအစဉ်အတိုင်း ထုတ်လုပ်မှုလျာထားချက်ကို ဆက်လက်မြင့်မားထားမှာ ဖြစ်ပြီး ထုတ်လုပ်မှု လျော့ကျတာတွေကို ပြန်ဖြည့်ဖို့ လိုအပ်ေနကြောင်း ၎င်းက ပြောကြားပါတယ်။
Toyota က ၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ စံချိန်တင် စီးရေ ၁၁ သန်းအထိ ထုတ်လုပ်ဖို့ လျာထားပါတယ်။
Toyota ဉက္ကဋ္ဌ Akio Toyoda က အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်တွေကို ပြောကြားရာတွင် ပစ္စည်းပေးသွင်းသူများ လက်ပန်းကျနေပြီ ဖြစ်သဖြင့် ဧပြီမှ ဇွန်အထိ တမင်လျှော့ချပေးတဲ့ကာလ ဖြစ်မယ်လို့ ပြောကြားခဲ့ပါတယ်။
Honda Motor Co Ltd က ပြည်တွင်းစက်ရုံနှစ်ခုမှာ ယခုလအတွင်း ထုတ်လုပ်မှု ၁၀% ခန့် လျော့ကျမယ်လို့ ဆိုပါတယ်။