Toyota က လမ်းကောင်း မရှိတဲ့ နယ်မြေမှာ ရပ်နား စခန်းချလို့ရတဲ့ ပစ်ကပ်ကားကို အမေရ်ကန်နိုင်ငံ လပ်စ်ဗီးဂပ်စ်မြို့မှာ ကျင်းပတဲ့ SEMA (Specialty Equipment Market Association) ပြပွဲ ပွဲထုတ် ပြသခဲ့ပါတယ်။
Tacozilla လို့ မော်ဒယ်အမည်ပေးထားတဲ့ စခန်းချပစ်ကပ်ကားကို Tacoma TRD Sport ပစ်ကပ်ကားပေါ်မှာ တည်ဆောက်ထားပါတယ်။
အရွယ်အစား ကျစ်လစ်ပြီး အစုံအလင်ပါလို့ Toyota က စခန်းချကား camper လို့ မသုံးနှုန်းဘဲ အငယ်စားအိမ် "micro-house" လို့ သုံးနှုန်း ပြောဆိုပါတယ်။
အိမ်မှာလိုပဲ ကားပေါ်မှာ အိပ်ရာ ပါတယ်။ ဆိုဖာခုံတွေ၊ စားပွဲတစ်လုံး၊ တီဗီအကြီး တစ်လုံး၊ မီးဖိုချောင် တစ်ခု၊ ရေပန်းပါ ရေချိုးခန်းအိမ်သာ တစ်စုံတို့ ပစ်ကပ်ကားပေါ်မှာ ပါတယ်။
၁၉၇၀ ပြည့်လွန်နှစ်များမှာ Chinook RV ကုမ္ပဏီမှ ထုတ်လုပ်ခဲ့တဲ့ အိုးအိမ်ကားထံမှ စိတ်ကူးစိတ်သန်း ရယူထားပါတယ်။
အိမ်လေးထဲ မတ်တပ်ရပ်ရင် ခေါင်းလွတ်တဲ့အမြင့် ၆ ပေ ၂ လက်မ ရှိစေဖို့ ကြမ်းခင်းကို ကားဖရိန်တွေကြားမှာ အောက်နှိမ့်ချပေးထားတယ်။
လမ်းဆိုးမှာ မောင်းရင် ဗိုက်နိမ့်နေရင် ဗိုက်ပွတ်ပြီး မလွတ်မကင်း ဖြစ်ရတာ လျော့နည်းစေဖို့အတွက် ကားဝမ်းဗိုက်ကို ၂ လက်မ မြှင့်ပေးထားတယ်။
ကိုယ်ထည်ကို အလူမီနီယံသတ္တုစပ်ဖြင့် တည်ဆောက်ထားတယ်။ အနားစွန်းတွေကို လုံးပေးထားတယ်။
ကားရှေ့ဖက်မှာ winch ရစ်လုံး တစ်ခုကို တပ်ပေးထားတယ်။ အမြင်ရုပ်မဆိုးအောင် ဖုံးဖုံးဖိဖိဖြင့် တပ်ပေးထားတာ ဖြစ်ပါတယ်။
လောလောဆယ်မှာတော့ Toyota က ထုတ်လုပ်ဖို့ အစီအစဉ် မချမှတ်ရသေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ကိုဗစ်လွန်ကာလမှာ တောတွင်းစခန်းချ ခရီးသွားကြတာ ရေပန်းစားလာနေတဲ့အတွက် အခုလို ဒီဇိုင်းထုတ်တဲ့အဆင့်ကို စတင်လိုက်တာဖြစ်မယ်လို့ သုံးသပ်ကြပါတယ်။