Toyota Motor Corp က အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် internal combustion engine (ICE) ကို စွန့်ပယ်ပြီး လျှပ်စစ်မော်တော်ယာဉ်ဘက်ကို လုံးလုံးလျားလျားအပြည့်အဝ ကူးပြောင်းဖို့ကို ငြင်းဆန်ပါတယ်။
ICE ကို ဆက်လက် အသက်သွင်းထားဖို့အတွက် Mazda Motor Corp, Subaru Corp, Yamaha Motor နဲ့ Kawasaki Heavy Industries တို့နှင့် အတူတကွ Team Japan ကို ဖွဲ့စည်းပါတယ်။
Team Japan က အင်ဂျင် ပစ္စတင်ပါဝါဖြင့် ကားမောင်းနှင်တာကို ပတ်ဝန်းကျင် မထိခိုက်စေဘဲ ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုလို့ ရနိုင်မလဲ ဆိုတာ အဖြေရှာမှာ ဖြစ်ပါတယ်။
ဓာတ်ဆီနဲ့ ဒီဇယ်ဆီအစား ပတ်ဝန်းကျင် မထိခိုက်တဲ့ အခြား စိမ်းလန်းလောင်စာများ “green fuels” အစားထိုး သုံးစွဲပြီး အင်ဂျင်ကို ဆက်လက်သုံးစွဲမှာ ဖြစ်ပါတယ်။
ဂျပန် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ ၅ ခု ပါဝင်တဲ့ Team Japan က လုပ်ဆောင်မယ့်အချက်တွေကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင်များမှာ ဟိုက်ဒြိုဂျင်ကဲ့သို့သော စိမ်းလန်းလောင်စာဆီ သုံးဖို့ ပြောင်းလဲရေးဟာ နည်းပညာပိုင်းအရ ခက်ခဲပါတယ်။ ဒါပေမဲ့ အီးဗီ တည်ဆောက်တာကို ချက်ချင်းပြောင်းလဲလိုက်ရင် ဓာတ်ဆီနဲ့ဒီဇယ်ဆီ အင်ဂျင် မော်တော်ယာဉ်များအတွက် ပစ္စည်း ထုတ်လုပ်ပေးသွင်းတဲ့သူတွေ သိန်းချီတဲ့လူဦးရေ အကုန်လုံး အနည်းနဲ့အများ ဒုက္ခရောက်ကြမှာမို့ တစ်ဘက်မှာ EV ကို ထုတ်လုပ်ပြီး အခြားတစ်ဘက်မှာတော့ ICE ကို တစ်နည်းနည်း ဆက်လက်လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။