ကျပ်သိန်း ၂၅၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Yaris


Toyota Sedan အမျိုးအစား ဘယ်မောင်းကားကိုမှ စီးချင်သူတွေအတွက် ၂၀၁၅ မိုဒယ်နဲ့အထက် Toyota Yaris iA က အသင့်တော်ဆုံးဖြစ်ပါတယ်။ Toyota Yaris ကို ၁၉၉၉ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်ပြီး Vitz ၊ Belta ၊ Vios တို့နဲ့ အုပ်စုချင်းတူပါတယ်။

Yaris ကို Coupe ၊ Sedan ၊ Hatchback ပုံစံအမျိုးမျိုးထုတ်လုပ်ထားပြီး Hatchback က Vitz နဲ့ ပုံစံချင်းဆင်သလို Sedan က Vios နဲ့ ဒီဇိုင်းချင်းဆင်ပါတယ်။ နောက်ဆုံးထုတ်လုပ်ထားတဲ့ Toyota Yaris iA ပုံစံကတော့ Mazada 2 Sedan နဲ့ ဒီဇိုင်းချင်းဆင်နေတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။ ဒါပေမယ့်လည်း Toyota အမျိုးအစားဖြစ်တဲ့အတိုင်း အင်ဂျင်စွမ်းရည်ကောင်းမွန်ပြီး အောက်ပိုင်းကလည်း Belta ၊ Vios တို့နဲ့ဆင်တဲ့အတွက် မာကျောပြီး အပိုပစ္စည်းရှာဖွေရတာလည်း လွယ်ကူစေမှာဖြစ်ပါတယ်။ ဒီဇိုင်းပိုင်း ဆွဲဆောင်မှုရှိပြီး အတွင်းဂရိတ်တွေကလည်း ပေးရတဲ့တန်ဖိုးနဲ့ ထိုက်တန်တဲ့ နည်းပညာတွေ အသုံးပြုထားတဲ့အတွက် မြန်မာပြည် ဘယ်မောင်းကားဈေးကွက်ထဲမှာ ထင်ပေါ်လာမယ့်ကားအမျိုးအစား ဖြစ်ပါတယ်။

အင်ဂျင်အမျိုးအစား

Toyota Yaris ကို ဂျပန်နိုင်ငံမှာတင်မကဘဲ တရုတ်နဲ့ အရှေတောင်အာရှ နိုင်ငံတွေမှာပါ ထုတ်လုပ်တဲ့နိုင်ငံပေါ်မူတည်လို့ အင်ဂျင်အမျိုးအစားတွေ ကွဲပြားသွားပါတယ်။ မြန်မာပြည် ကားဈေးကွက်မှာတော့ ၁၃၀၀ စီစီ အင်ဂျင်ကို တင်သွင်းမှုများပါတယ်။

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Toyota Yaris iA ဟာ Camry နဲ့ Corolla တို့လောက် အတွင်းဂရိတ် မမြင့်ပေမဲ့ သူ့တန်ဖိုးနဲ့တန်အောင်တော့ ထည့်သွင်းပေးထားပါတယ်။ ဒီကားကိုအာရှဈေးကွက်ထဲက ရှာဖွေဝယ်ယူမယ်ဆိုရင် ၁၃၀၀ စီစီကို ဆော်ဒီနဲ့ ၁၅၀၀ စီစီကို ဒူဘိုင်းဘက်ကနေ တင်သွင်းကြတာများပါတယ်။ Toyota Yaris ကို အင်ဒိုနီးရှားမှာ အဓိကကထုတ်လုပ်တာဖြစ်လို့ ဂျပန်နိုင်ငံထုတ် ကားတွေလောက်တော့ အတွင်းဂရိတ်မမြင့်ပါဘူး။ အများအားဖြင့်တော့ ဒူဘိုင်းက မှာယူတင်သွင်းတဲ့ကားတွေက Condition ကောင်းပြီး ဒီရောက်မှသာ လိုအပ်တဲ့ အတွင်းဂရိတ်တွေပြန်ထည့်တာ များပါတယ်။

ဈေးနှုန်း

Toyota Yaris ကို ပစ္စည်းအပြည့်အစုံနဲ့ဝယ်ယူမယ်ဆိုရင် ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသားကားက ကျပ်သိန်း ၂၅၀ ဝန်းကျင်မှာ ရှိပါတယ်။

 

 

Read 1072 times