Toyota ရဲ့ အီးဗီအနာဂတ် အစီအစဉ်
Toyota Motor က ကြေညာချက်ထုတ်ပြန်ခဲ့ရာမှာ ၂၀၃၀ ပြည့်နစ်မှာ လျှပ်စစ်မော်တော်ယာဉ် ၃.၅ သန်း ရောင်းချမယ်။ မော်ဒယ်အမျိုးအစား ၃၀ ထုတ်လုပ်မယ်။
လျှပ်စစ်ကား ထုတ်လုပ်နိုင်ရေးအတွက် ယန်း ၈ ထရီလီယံ (အမေရိကန်ဒေါ်လာ ၇၀.၄ ဘီလျံ) သုံးစွဲပြီး သုတေသနဲ့ ဖွံ့ဖြိုးရေးကို ဆောင်ရွက်မယ်။ ထို့ပြင် လျှပ်စစ်၊ လျှပ်စစ်ဓာတ်ဆီ၊ လောင်စာဆဲလ် မော်တော်ယာဉ်များအတွက် အရင်းအနှီး ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပြီး တစ်ဝက်ကို လျှပ်စစ်ကားအတွက် သုံးစွဲမယ်။ ဘက်ထရီအတွက် ယန်း ၂ ထရီလီယံ သုံးစွဲမယ်။ ၂၀၃၀ မှာ ထုတ်လုပ်မယ့် ဘက်ထရီပမာဏ စုစုပေါင်းကုိ 280 gigawatt-hour ရှိမယ်လို့ ရည်မှန်းထားပါတယ်။
အပြည့်အဝလျှပ်စစ်ကား မော်ဒယ်အသစ်တွေအဖြစ် bZ စီးရီးကို ထုတ်လုပ်မယ်။
ဇိမ်ခံတန်းမြင့် Lexus ကိုလည်း အီးဗီ ထုတ်လုပ်မယ်။ ဉရောပ၊ မြောက်အမေရိကနဲ့ တရုတ်ဈေးကွက်တွေမှာ ၂၀၃၀ မှာ Lexus မော်ဒယ်အကုန်လုံး အီးဗီ တွေချည်း ထုတ်လုပ်မယ်။ ၂၀၃၅ မှာ ဈေးကွက်အားလုံးမှာ Lexus အကုန်လုံး အီးဗီတွေချည်း ရောင်းချမယ်။
စီးအီးအို Toyoda က "စီးရေ၂ သန်း ထုတ်မယ်လို့ ဆိုခဲ့တာ ကြီးမားတဲ့ ပမာဏပါ။ ဒီနေ့ ကျွန်တော်တို့ ထပ်တိုးလိုက်တယ်။ စီးရေ ၃ သန်းခွဲ ထုတ်လုပ်မယ်" လို့ မီဒီယာကို ပြောကြားသည်။
၂၀၃၀;ပြည့်နှစ်အထိ ဘက်ထရီထုတ်လုပ်ရေးအတွက် လိုအပ်တဲ့ lithium အပါအဝင် ကုန်ကြမ်းများ လုံလုံလောက်လောက် ရရှိတာ သေချာစေဖို့ Toyota Tsusho ကုန်သွယ်ရေးလုပ်ငန်းနဲ့ ပူးပေါင်းလုပ်ဆောင်မယ်လို့ ပြောကြားပါတယ်။
သက်တမ်းရှည်ကြာပြီး ကုန်ကျစရိတ်သက်သာတဲ့ ဘက်ထရီ ထုတ်လုပ်နိုင်ရေး အကြီးအကျယ် ရင်းနှီးမြှုပ်နှံပြီး သုတေသနနှင့် ဖွံ့ဖြိုးရေးကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။
Toyota က အီးဗီအစီအစဉ်ကို ကြေညာခဲ့ရာမှာ လက်ရှိ ဓာတ်ဆီအင်ဂျင်၊ ဒီဇယ်အင်ဂျင် ကားတွေ သုံးနေကြသူတွေကို ကျောခိုင်းပြီး အီဗီကို ပြောင်းလဲ ထုတ်လုပ်မှာမဟုတ်ဘဲ ကားဝယ်စီးသူတွေကို ရွေးချယ်စရာတွေ စီစဉ်ပေးထားမှာ ဖြစ်ပါတယ်လို့ အသိပေးပြောကြားပါတယ်။
မူအားဖြင့် လျှပ်စစ်ကားအမျိုးအစားကို ဦးတည်ဖို့လိုအပ်ကြောင်း အားလုံးက သဘောတူကြကြောင်း Toyota and Lexus Global Design အကြီးအကဲ Simon Humphries က ပြောကြားပါတယ်။ "ဒါပေမဲ့ လက်တွေ့ကျင့်သုံးတာမှာ သူတို့ လက်ခံဖို့ ဆန္ဒ ရှိမရှိဆိုတာက နောက်ထပ်ကြီးမားတဲ့ အခက်အခဲ ဖြစ်ပါတယ်" လို့ သူက ပြောကြားပါတယ်။
အီးဗီကို ပြောင်းလဲသုံးစွဲမယ် မသုံးစွဲဘူးဆိုတာ တိုင်းပြည် တစ်ခုနဲ့တစ်ခု၊ ဒေသတစ်ခုနဲ့တစ်ခု မတူဘူးလို့ Toyota က သုံးသပ်ပါတယ်။ တိုင်းပြည်ရဲ့ လျှပ်စစ်စွမ်းအင်အခြေအနေချင်း မတူကြတဲ့အတွက် ကွဲပြားမှာ ဖြစ်ပါတယ်။ စွမ်းအင်အမျိုးမျိုးရဲ့ ဈေးနှုန်းများ အရလည်း ကွဲပြားမယ်။ ဘရာဇီးမှာ ကြံရည်မှ ထုတ်လုပ်တဲ့ ဘိုင်အိုအီသနောက လျှပ်စစ်စွမ်ူအင်ထက် ဈေးပိုပေါနေတယ်။
"ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ အကုန်လုံးကို ရွေးစရာ ချန်ပေးထားမယ်။ ကမ္ဘာ့ရေစီးကြောင်း အလားအလာကိုလည်း ကျွန်တော်တို့ လိုက်ပါကြမယ်" လို့ သူက ရှင်းပြပါတယ်။