ခေတ်ပေါ် မက်ထရစ်ရှေ့မီး အမေရိကန် ခွင့်ပြု
အမေရိကန်မှ မော်တော်ယာဉ် စည်းကမ်းဉပဒေ ကြပ်မတ်သည့် National Highway Traffic Safety Administration (NHTSA) က မော်တော်ယာဉ် ရှေ့မီးအဖြစ် အသုံးပြုတဲ့ အဆင့်မြင့် ရှေ့မီး နည်းပညာကို သဘောတူခွင့်ပြုလိုက်ပါတယ်။
Toyota က ၂၀၁၃ ခုနှစ်တွင် ပန်ကြားလွှာ တင်ပြခဲ့ပြီး ၁၀ နှစ်နီးပါး ကြာပြီးချိန် ယခု ၂၀၂၂ မှာ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။
2019 Porsche Cayenne LED matrix headlights
အဆိုပါနည်းပညာအရ မက်ထရစ် ရှေ့မီး matrix headlights လို့ခေါ်ဝေါ်တဲ့ အလိုက်တသိရှေ့မီး adaptive headlights ကို အသုံးပြုထားပြီး သေးငယ်တဲ့ LED များနှင့် ရောင်ပြန်ပြားများ ပါဝင်ပါတယ်။ အလင်းမီးတန်းကို လိုအပ်တဲ့နေရာကို ထိုးဖို့ ထိန်းချုပ်ပေးပါတယ်။ အတိအကျ လိုအပ်တဲ့ဆီကိုသာ မီးအလင်းတန်း ထိုးပေးတဲ့အပြင် မီးအား အပြင်းအပျော့ကလည်း လိုအပ်သလောက်သာ လင်းပါတယ်။ ဒီတော့ လမ်းပေါ်မှ အခြားယာဉ်များပေါ်မှ ယာဉ်မောင်းများ၊ မော်တော်ဆိုင်ကယ် မောင်းသူများ၊ လမ်းသွားလမ်းလာများ ကားရှေ့မီးကြီး ထိုးခံရသဖြင့် မျက်စိကျိန်းတာ၊ ပြာသွားတာ မဖြစ်ပွားစေဘဲ ယာဉ်မောင်း မြင်ဖို့လိုတဲ့နေရာကိုသာ မီးထိုးပေးနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရှေ့မှကားနှင့် မျက်နှာချင်းဆိုင်မှ လာတဲ့ကားများကို ရှေ့မီးကြီးက အနှောက်အယှက် မပြုအောင် စီမံပေးထားတာ ဖြစ်ပါတယ်။
အလိုအလျောက် ရှေ့မီးစနစ်က မျက်နှာချင်းဆိုင်မှ ကားလာရင် မီးပိတ်ပေးလိုက်ပြီး ကားရှင်းသွားတဲ့အခါ ပြန်ဖွင့်ပေးလိုက်ပါတယ်။ တစ်နည်းပြောရရင် ရှေ့မီးကြီးများကို အဖွင့်အပိတ် အလိုအလျောက် လုပ်ကိုင်ပေးတာ ဖြစ်ပါတယ်။ မက်ထရစ် ရှေ့မီးက မျက်နှာချင်းဆိုင် ဖြစ်စေ ရှေ့ကားဖြစ်စေ ရှိလာတဲ့အခါ အဲဒီကားအပေါ် ကျရောက်မယ့် အလင်းတန်းများအတွက် LED မီးပွင့်များကို ရွေးပြီး ပိတ်ပေးလိုက်ပါတယ်။ မဆိုင်တဲ့ မီးပွင့်တွေက ဆက်လက်လင်းနေပါတယ်။ ရှေ့မီးမှာ ရှေ့အမြင့်ပိုင်းကို ထိုးတဲ့ ရှေ့မီးနှင့် ရှေ့အနိမ့်ပိုင်းကို ထိုးတဲ့ ရှေ့မီး နှစ်မျိုး တသီးတခြားစီ မဟုတ်ဘဲ LED မီးအုံတစ်ခုတည်းဖြင့် လိုအပ်သလို ကစားပေးထားပါတယ်။
အမေရိကန်မှာ ရှေ့အမြင့်ပိုင်းကို ထိုးတဲ့ ရှေ့မီးနှင့် ရှေ့အနိမ့်ပိုင်းကို ထိုးတဲ့ ရှေ့မီး နှစ်မျိုး တသီးတခြားစီ ပါရမယ်ဆိုတဲ့ စည်းကမ်းကို ၏၁၉၆၇ ခုနှစ်မှာ စတင်ပြဋ္ဌာန်းပေးခဲ့ပါတယ်။
အလိုက်တသိရှေ့မီးမှာ တသီးတခြား ရှေ့မီးနှစ်ခု မပါတဲ့အတွက် အဆိုပါစည်းကမ်းချက်နှင့် မညီညွှတ်လို့ စည်းကမ်းချက်ကို ပြင်ပေးဖို့ NHTSA ကို အဆိုပြု ပန်ကြားခဲ့ပါတယ်။
adaptive/matrix headlights ကို ခွင့်ပြုတဲ့ စည်းကမ်းသစ်ကို NHTSA က ၂၀၁၈ မှာ ရေးသားခဲ့ပြီး အဆင့်ဆင့် လုပ်ဆောင်ခဲ့ရာ ၂၀၂၁ မှာ သမ္မတဘိုင်ဒင် လက်မှတ်ရေးထိုးတဲ့ အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ၂၀၂၂ မှာ စတင်သက်ရောက်တဲ့ အဆင့်သို့ ရောက်ရှိခဲ့ပါတယ်။
matrix headlights ကို ကားတွေမှာ သုံးစွဲနေကြတာ ကြာပါပြီ။ အမေရိကန်ဈေးကွက်မှာ ရောင်းချတဲ့ Mercedes-Benz S-Class, Audi A8, Audi E-Tron အစရှိတဲ့ ကားတွေမှာလည်း သုံးစွဲထားကြပါတယ်။
NHTSA က ခွင့်ပြုလိုက်တဲ့အတွက် တရားဝင် သုံးစွဲလို့ ရသွားစေပါတယ်။