စံချိန်တင်နှုန်းထားလျော့နည်းလာသော ယာဉ်အို/ဟောင်းအပ်နှံမှုအခြေအနေ


ကားပါမစ်လျှောက်ထားချိန် ကုန်ဆုံးသည့်အပြင် ယာဉ်အို၊ ယာဉ်ဟောင်း ရှားပါးသည့်အတွက် မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ အို/ဟောင်းယာဉ်အပ်နှံမှု စံချိန်တင်လျှော့နည်းသွားကြောင်းစီမံဌာန၏ စာရင်းများအရ သိရပါသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီးအတွင်း အို/ဟောင်းယာဉ်အပ်နှံမှုခြောက်စီးသာရှိပြီး ဒီဇင်ဘာလ ၂၇ ရက်မှ ယခုနှစ် ဇန်နဝါရီ ၃ ရက်အထိ အို/ဟောင်းယာဉ် အပ်နှံမှုတစ်စီးသာရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စီမံဌာန၏ စာရင်းများအရသိရပါသည်။

ထို့အပြင် မန္တလေးကားစျေးကွက်အတွင်း စလစ်နှင့် အရည်ကျိုစျေးကွက် အရောင်းအဝယ်အေးခြင်းမှာလည်း ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံမှု လျော့နည်းရခြင်း၏ အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ကားဝယ်/ရောင်းများထံမှသိရပါသည်။

၂၀၁၈ ခုနှစ် ကားတင်သွင်းမှုအတွက် ထုတ်ပြန်လိုက်သည့် မူဝါဒအရ Brand New ဘယ်မောင်းကားသာ တင်သွင်းမည်ဖြစ်သဖြင့် စလစ်နှင့် အရည်ကျိုစျေးကွက်အပေါ် လူစိတ်ဝင်စားမှုနည်းပြီး စျေးကွက်ပျက်ကာ ကညန၌ အို/ဟောင်းယာဉ်ဟောင်းအပ်နှံမှု လျော့နည်းရခြင်းဖြစ်ကြောင်း သိရပါသည်။

လက်ရှိမန္တလေးတိုင်းအတွင်း နှစ်နှစ်ဆယ်သက်တမ်းရှိ အို/ဟောင်းယာဉ်မှာလည်း အစီးရေနည်းပါးပြီး ကျန်ရှိသည့် သက်တမ်းလွန် ယာဉ်များမှာလည်း အသုံးပြုနိုင်သေး၍ လက်ရှိဖြစ်ပေါ်နေသည့် အရည်ကျိုစျေးဖြင့်ရောင်းချနိုင်မှုမရှိခြင်းမှာလည်း အို/ဟောင်းယာဉ်အပ်နှံမှုနည်းရသည့် အကြောင်းအရင်းတစ်ရပ် ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ကုန်အထိ မန္တလေးတိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၌ အို/ဟောင်းယာဉ်အပ်နှံမှုမှာ လေလံယာဉ် ၂၀၃၅ စီး၊ တက္ကစီယာဉ် ၂၄၀၅ စီး၊ စက်မှုဇုန်ထုတ်ယာဉ် အစီး ရ၅၉၀၊နှစ်နှစ်ဆယ်သက်တမ်းယာဉ် ၈၇၁၉ စီး၊ သုံးဘီးယာဉ် ၂၁၃ စီး အပ်နှံခဲ့ပြီး တိုက်ကြေနှင့် တိုင်းအတွင်းရှိ ခရိုင်ရုံးငါးရုံးအပါအဝင် အို/ဟောင်းယာဉ် ၂၇၀၄၉ စီး အပ်နှံပြီးဖြစ်ကြောင်းသိရပါသည်။

 

Read 1190 times