အောက်တိုဘာလမှစ၍လုပ်ငန်းသုံးထရပ်ကားများအပါအဝင်မီနီဘတ်စ်နှင့်လျှပ်စစ်ကားများကိုအကောက်ခွန်တိုးမြှင့်ကောက်ခံရန်ရှိသောကြောင့်ယခုရက်ပိုင်းအတွင်း Daihatsu Hijet, Suzuki Carry Truck စသည့်အင်ဂျင်ပါ၀ါ ၆၆၀ စီစီမီနီထရပ်များဝယ်ယူလာကြသဖြင့်ယင်းကားများအရောင်းအဝယ်ဖြစ်နေသည်။
လုပ်ငန်းသုံးကားများတင်သွင်းခွင့်ပေးရာတွင်ကုမ္ပဏီပါမစ်ဖြင့်တစ်လလျှင်တစ်စီးသာတင်သွင်းခွင့်ပေးမည်ဟု ထိန်းချုပ်လိုက်ပြီးနောက်ကုမ္ပဏီသက်တမ်းတစ်နှစ်ပြည့်မှသာတင်သွင်းခွင့်ရမည်ဟုထပ်မံကန့်သတ်လိုက်သောကြောင့်ကုမ္ပဏီပါမစ်စျေးများမြင့်တက်သွားသကဲ့သို့လူအမည်ပေါက်တင်သွင်းထားသည့်ကားများလည်းစျေး လိုက်ပါမြင့်တက်သွားကြောင်းသိရသည်။
အရင်နှစ်များကကဲ့သို့အရောင်းအဝယ်အကောင်းကြီးမဟုတ်သော်လည်းပုံမှန်အနေအထားတော့ရှိပါသည်။
ဒီရက်ပိုင်းတွင်အခွန်မြင့်တက်ရန်ရှိသည့် Daihatsu Hijet, Suzuki Carry Truck စသည့် ၆၆၀ စီစီမီနီထရပ်လေးများအရောင်းအဝယ်ဖြစ်ပါသည်။
စလစ်ကပ်ကားများထဲတွင် ၂၀၀၃၊ ၂၀၀၄ မိုဒယ် Hilux Surf,Wish, Alphard တို့အဝယ်လိုက်ပါသည်။
ရန်ကုန်လိုင်စင်နှင့်ဖရီးပါမစ်ကားတင်သွင်းမှုကိုဆက်ပြီးပိတ်ထားသကဲ့သို့တင်သွင်းစရာကားများကလည်းနည်းသည့်အတွက်ယင်းနှစ်ထဲတွင်ဖရီးပါမစ်ကားများတင်သွင်းခြင်းမရှိသလောက်နည်းပါသည်။
လာမည့်နှစ်တွင်မူဝါဒဘယ်လိုပြောင်းလဲမည်ကိုမသိသေးသည့်အတွက်ကားအရေအတွက်များများကိုင်ထားသူကကြိုက်စျေးရပါကတစ်စီးစနှစ်စီးစထုတ်ရောင်းကြပြီးတစ်စီးတလေကိုင်ထားသူကနောက်ကားတွေ့မှာသာထုတ်ရောင်းကြပါသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှအို/ဟောင်းဘတ်စ်များအပ်နှံပြီးလူစီးစလစ်များပြန်ထုတ်ပေးရာတွင် ၁၉၉၇ မိုဒယ်အထိတိုးမြှင့်အပ်နှံခွင့်ပေးရန်စီစဉ်နေသည့်အတွက်စလစ်စျေးအနညး်ငယ်ကျဆင်းသွားဖွယ်ရှိကြောင်းခန့်မှန်းထားသည်။
လက်ရှိအချိန်တွင်အို/ဟောင်းဘတ်စ်အစီးသုံးထောင်ဝန်းကျင်အပ်နှံခဲ့ပြီးဖြစ်သော်လည်းယင်းစလစ်များမှာစျေးကွက်ထဲရောက်ရှိမလာသော်ကြောင့်စလစ်စျေးမှာကျပ်သိန်း ၁၁၀ အထက်တွင်စျေးတင်းခံနေကြောင်း သိရသည်။
နှစ်နှစ်ဆယ်စလစ်များစျေးမာနေသည့်အတွက်တိုက်ကြေစနစ်နှင့်တက္ကစီစလစ်များမှာလည်းအတက်စျေးဖြင့် အရောင်းအဝယ်ဖြစ်နေသည်။
လာမည့်နှစ်အတွက်ကားတင်သွင်းခွင့်မူဝါဒများကိုအောက်တိုဘာလအတွင်းရေးဆွဲမည်ဖြစ်ရာယင်းကာလမတိုင်မီအထိကားစျေးကွက်အခြေအနေမှာစမ်းတဝါးဝါးဖြစ်နေဦးမည်ဖြစ်သည်။
အောက်တိုဘာလအရောက်မီအထိကားစျေးကွက်အခြေအနေမှာကောင်းလိုက်မကောင်းလိုက်ဖြစ်နေနိုင်ပြီး ကားအရောင်းစင်တာများတွင်လည်း ၁၃၀၀ စီစီကားများသာအရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။
ကားစျေးနှုန်းများ
စဉ် | အမျိုးအစား | လိုင်စင် | မော်ဒယ်နှစ် | ကျပ်သိန်းပေါင်း |
၁ | Nissan Juke | MDY | 2011 | 310 |
၂ | Honda Fit | ယာယီ | 2011 | 190 |
၃ | Toyota Vitz | ယာယီ | 2012 | 190 |
၄ | Toyota Wish | ယာယီ | 2003 | 350 |
၅ | Honda Insight | MDY | 2011 | 210 |
၆ | Toyota Probox | BGO | 2012 | 155 |
၇ | Toyota Vanguard | ယာယီ | 2011 | 570 |
၈ | Toyota Crown | YGN | 2003 | 240 |
၉ | Suzuki Swift | MDY | 2012 | 168 |
၁၀ | Toyota Hilux Vigo | MDY | 2012 | 300 |