ကားပိုင်ရှင်များက ကြိုက်ဈေးမရမချင်းမရောင်းဘဲ ဈေးတင်းခံနေသဖြင့် ယခု ရက်ပိုင်းအတွင်း ကားရှာရန် ခက်ခဲနေသည်။
ကားဈေးများ မြင့်တက်သွားသည် မဟုတ်သော်လည်း ဈေးတင်းခံ ရောင်းချနေသောကြောင့် ဝယ်/ရောင်း များအနေဖြင့်လည်း ယခင်ကကဲ့သို့ အမြတ်ကျန်မည့် ကားများကို ရှာမရဖြစ်နေသည်။
ကားအရောင်းစင်တာများမှာလည်း တင်သွင်းထားသည့် ကားလက်ကျန်အစီးရေ နည်းသွားသောကြောင့် လက်ကျန်ကားများကို ဈေးထိန်းရောင်းချနေသောကြောင့် အရောင်းအဝယ် ကောင်းသည်လည်း ပြော၍ မရ၊ မကောင်းသည်လည်း ပြော၍ မရ ဖြစ်နေသည်။
လက်ထဲတွင် ရှိနေသည့် ကားများက ဈေးကွက်အကြိုက်ကားများ ဖြစ်နေသည့်အတွက် အရောင်းအဝယ် ပြုလုပ်ရန် လွယ်သော်လည်း လာမည့်နှစ်၏ မူဝါဒက ဘာမှန်းမသိလို့ ထိန်းရောင်းနေရသည်။
နောက်ပိုင်းတွင် ကားတင်သွင်းရန် တဖြည်းဖြည်းခက်လာသည့်အတွက် ကားဟောင်းဈေးကွက်က ဆက်ပြီး အားကောင်းနေဦးမည် ဖြစ်ပါသည်။
လာမည့် အောက်တိုဘာလအတွင်း ကားတင်သွင်းခွင့် မူဝါဒအသစ်များ ထုတ်ပြန်ဖွယ် ရှိသောကြောင့် ကားတင်သွင်းသူများမှာ ပြောင်းလဲမည့် အခြေအနေတစ်ခုကိုစောင့်ကြည့်နေကြသည်။
စလစ်ဈေး ကျပ်သိန်း ၁၁၀ ကျော် ရောက်ရှိသွားပြီးနောက် ရန်ကုန်လိုင်စင်ဖြင့် ၁၃၀၀ စီစီ ကားများကို စလစ်ကပ်တင်သွင်းမှု လျော့နည်းသွားကာ တင်သွင်းပြီးသား ရန်ကုန်လိုင်စင် Honda Fit GK 3, Honda Shuttle,Honda Insight ကားများအဝယ်လိုက်နေကြောင်း သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သီရီမင်္ဂလာယာဉ်ရောင်းဝယ်ရေး စခန်းကို ပိတ်သိမ်းရန် စီစဉ်ခဲ့ပြီး နောက်ပိုင်းတွင် အဝယ်များ အလာနည်းသဖြင့် ယင်းယာဉ်ရောင်းဝယ်ရေး စခန်းရှိ ကားများမှာ အရောင်းအဝယ် အေးသွားခဲ့သည်။
တစ်ပိုင်တစ်နိုင် ကားဝယ်/ရောင်းများမှာလည်း ယာဉ်ရောင်းဝယ်ရေးစခန်း အပြောင်းအရွေ့နှင့် မူဝါဒအား အပြောင်းအလဲကို စောင့်ကြည့်နေသောကြောင့် အရောင်းအဝယ်အပေါ် အာရုံစိုက်မှု နည်းသွားခဲ့သည်။
လာမည့် အောက်တိုဘာလ အတွင်း YBS ဘတ်စ်များကို မိုဒယ်ထပ်တိုး၍ အပ်နှံခွင့်ပေးဖွယ် ရှိသော်လည်း လက်ရှိအချိန်တွင် အပ်ကားရှားပါးနေသောကြောင့် စလစ်ဈေးမှာ ကျပ် ၁၁၃ သိန်းဝန်းကျင်တွင် ဈေးတင်းခံနေသည်။
နှစ်နှစ်ဆယ် စလစ်ဈေး မြင့်တက်သွားခြင်းနှင့်အတူ တက္ကစီဈေးမှာလည်း ကျပ် ၁၁၄ သိန်းဝန်းကျင်ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်းသိရသည်။
စဉ် | အမျိုးအစား | လိုင်စင် | မော်ဒယ်နှစ် | ကျပ်သိန်းပေါင်း |
၁ | Honda Fit | ယာယီ | 2012 | 205 |
၂ | Toyota Wish | ယာယီ | 2009 | 390 |
၃ | Toyota Alphard | YGN | 2003 | 375 |