ယခုနှစ်အတွင်း သန်လျင်ကညနရုံး၌ တိုက်ကြေကား ၈၅ စီး လာ ရောက်အပ်နှံခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရပါသည်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်မတော်တဆမှုကြောင့် တိုက်ကြေပျက်စီးသွား သည့်ယာဉ်များ၊ မီးလောင်ပျက်စီး သွားသောယာဉ်များအား အရည်ကျို အပ်နှံဖျက်သိမ်း၍ အစားထိုးယာဉ် တင်သွင်းခွင့်ပေးခြင်းကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လမှ စတင်ခွင့်ပြုခဲ့သည်။ တိုက်ကြေကားများ စတင်အပ်နှံခွင့်ပေးစဉ်တွင် လုပ်ငန်းသုံးယာဉ် မီနီထရပ်များ အပ်နှံပါကလည်း CIF တန်ဖိုးငါးထောင်တန် လူစီးကားများကို တင်သွင်းခွင့်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်း ၂,၇၂၃ စီး၊ ၂၀၁၇ ခုနှစ်အတွင်း ၁,၄၂၆ စီး အပ်နှံမှုရှိခဲ့ပါသည်။ ထို့နောက် လူစီးယာဉ် တိုက်ကြေအပ်နှံလျှင် လူစီးယာဉ်သာ၊ လုပ်ငန်းသုံးယာဉ် တိုက်ကြေအပ်နှံလျှင် လုပ်ငန်းသုံးယာဉ်သာ တင်သွင်းခွင့်ပြုခဲ့ပြီး နောက်တိုက်ကြေကားများကို လုပ်ကြံဖန်တီးအပ်နှံသည့် ကိစ္စများလည်း အထိုက်အလျောက် လျော့ နည်းသွားခဲ့ပါသည်။
၂၀၁၈ ခုနှစ်အတွင်း၌ တိုက်ကြေကား အစီး ၄၇၀ ကျော် အပ်နှ့ခဲ့ရာ ဇန်နဝါရီလတွင် ရှစ်စီး၊ ဖေ ဖော်ဝါရီလတွင် ၃၇ စီး၊ မတ်လတွင် ၃၁ စီး၊ ဧပြီလတွင် ၄၁ စီး၊ မေလတွင် ၆၁ စီး၊ ဇွန်လတွင် ၃၁ စီး၊ ဇူလိုင်လတွင် ၄၅ စီး၊ သြဂုတ်လတွင် ၄၆ စီး၊ စက်တင်ဘာလတွင် ၃၅ စီး၊ အောက်တိုဘာလတွင် ၅၄ စီး၊ နိုဝင်ဘာလတွင် ၆၂ စီးနှင့် ဒီဇင်ဘာလတွင် ၄၇ စီး အပ်နှံခဲ့သည်။ ယခုနှစ်အတွင်း၌လည်း မတ် ၈ ရက်အထိ ၈၅ စီး အပ်နှံခဲ့ပြီး ဖြစ်ပါသည်။
“တိုက်ကြေ ဟုတ်/မဟုတ် စစ်ဆေးပြီးမှ အပ်နှံခွင့်ပြုတဲ့အတွက် တိုက်ကြေအပ်နှံမှုက အရင်နှစ်တွေ ထက်စာရင် တစ်ဝက်ကျော် လျော့နည်းသွားပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေမှာ တိုက်ကြေအပ်နှံမှုက တစ်နှစ်ကို အစီးတစ်ထောင်ကနေ နှစ်ထောင်ဝန်းကျင်အထိ ရှိခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာတော့ အစီး ၄၇၀ ကျော်ပဲ အပ်နှံပါတယ်၊ ဒီနှစ် အစကနေ မတ်လ ပထမပတ်အထိ တော့ ၈၅ စီး အပ်နှံထားပါတယ်၊ အပ်နှံတဲ့ကားတွေထဲမှာ ၈၀ ရာခိုင်နှုန်းကျော်က လူစီးကားတွေ ဖြစ်ပါ တယ်”ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
ယခုနှစ် မတ်လ ပထမပတ်အထိ သန်လျင်ကညနရုံး၌ တိုက်ကြေကား ၈၅ စီး အပ်နှံခဲ့ရာတွင် ဇန်နဝါရီလအတွင်း ၄၆ စီး၊ ဖေဖော်ဝါရီလအတွင်း ၂၆ စီးနှင့် မတ်လ ပထမပတ်အထိ ၁၃ စီး အပ်နှံ ခဲ့သည်။ တိုက်ကြေစလစ်ဖြင့် ၁၃၅၀ စီစီနှင့်အောက် စတိနံပါတ်ကားများကို ဝယ်ယူခွင့်ပါမစ် လျှောက်ထားနိုင်သောကြောင့် တိုက်ကြေစလစ်မှာ အဝယ်များပြီး ကျပ်သိန်း ၁၂၀ ဝန်းကျင် ပေါက်ဈေးရှိနေကြောင်း သိရပါသည်။
Source;Automobile Journal