အပ်ကားရှားပါးလာခြင်းကြောင့် ရန်ကုန်လိုင်စင်စလစ်ဈေး ထပ်မံမြင့်တက်သွားကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရပါတယ်။
ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့်(YVQC) စနစ် ထွက်ပေါ်မလာသေးခြင်းနှင့်အတူ ဈေးကွက်အတွင်း၌လည်း အပ်ကားရှားပါးနေခြင်းကြောင့် စလစ်ဈေးများ မြင့်တက်သွားခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် ကားအရောင်းစင်တာများမှ တင်သွင်းထားသော စလစ်ကပ် ဂျပန်ညာမောင်းလက်ကျန်ကားများမှာ သတ်မှတ်ရက်မတိုင်မီ ဝယ်ယူခွင့်ပါမစ်လျှောက်ရန် လိုအပ်နေခြင်းကြောင့်လည်း စလစ်လိုအပ်ချက်မှာ ပိုမိုမြင့်တက်သွားခြင်း ဖြစ်ပါတယ်။
“ဒီရက်ပိုင်းမှာ ရန်ကုန်လိုင်စင် နှစ်နှစ်ဆယ်စလစ်က သုံးသိန်းဝန်းကျင် မြင့်တက်သွားပါတယ်၊ အပ်ကားရှားပါးနေပြီး YVQC စနစ် ထွက်ပေါ်မလာသေးသလို ကားအရောင်းစင်တာတွေက တင်သွင်းထားတဲ့ Consignment လက်ကျန်ကားတွေနဲ့ ရန်ကုန်လိုင်စင် ရယူလိုတဲ့ YVQC ကားတွေအတွက် စလစ်လိုအပ်ချက်ရှိနေလို့ ဈေးမြင့်တက်သွားတာ ဖြစ်ပါတယ်၊ တိုက်ကြေစလစ်လည်း ရှားပါးလာတဲ့အတွက် နံပါတ်ယူဖို့ မစောင့်နိုင်တဲ့သူတွေက သက်တမ်းနှစ်နှစ်ဆယ်စလစ်ကို ဝယ်ကြလို့ ဝယ်လိုအားနဲ့ လိုအပ်ချက်မမျှတာကြောင့် ဈေးမြင့်တက်သွားတာ ဖြစ်ပါတယ်” ဟု ကားဝယ်/ရောင်း တစ်ဦးက ပြောဆိုခဲ့ပါတယ်။
အပ်ကားရှားပါးလာခြင်းနှင့်အတူ ယာဉ်အို/ဟောင်းအပ်နှံမှုလည်း လျော့နည်းသွားပြီး ယခုနှစ်စမှ မတ်လ တတိယပတ်အထိ ရန်ကုန်လိုင်စင် နှစ်နှစ်ဆယ် အပ်ကား အစီး ၁၇၀ နှင့် တိုက်ကြေ ၈၃ စီးသာ အပ်နှံမှုရှိခဲ့ပါတယ်။ အပ်ကားရှားပါးနေခြင်းကြောင့် စလစ် ဈေးများ တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ ရန်ကုန်လိုင်စင် နှစ်နှစ်ဆယ် အမည်ပေါက်စလစ်သည် ကျပ် ၁၃၆ သိန်းဝန်းကျင်နှင့် တိုက်ကြေစလစ်သည် ကျပ် ၁၂၁ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း ကားဈေးကွက်အတွင်းမှ သိရပါတယ်။