ယခုနှစ်အတွင်း တစ်ဦးချင်း မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားရာတွင် စလစ်ကပ်ဖြင့် ၂၅ စီး နှင့် ဖရီးပါမစ်ဖြင့် ၂၅ စီးသာ လျှောက်ထားမှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။
၂၀၁၈ ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်ဖြင့် ပါမစ်လျှောက်ထားမှုကို ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ ရက် အထိ ခွင့်ပြုပေးခဲ့ပြီး ထိုနှစ်အတွင်း ယာဉ်အို၊ ယာဉ်ဟောင်းအစီအစဉ်ဖြင့် ၁,၀၂၅၄ စောင်နှင့် ဖရီးပါမစ်ဖြင့် ၅,၉၂၇ စောင် လျှောက်ထားခဲ့ပါတယ်။ ထို့ပြင် ဝယ်ယူခွင့်ပါမစ်များ လျှောက်ထားရာတွင် ကားအရောင်းစင်တာများမှ ၄,၅၁၅ စောင် နှင့် ကားအရောင်းပြခန်းများမှ ၁၆,၈၇၃ စောင် ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နောက်ပိုင်းမှစ၍ တင်သွင်းခွင့်ပါမစ် လျှောက်ထားမှုကို ၂၀၁၉ ခုနှစ် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ် မှတ်ချက်ဖြင့် ခွင့်ပြုပေးခဲ့ရာ တစ်ဦးချင်း အစီအစဉ်တွင် ဖရီးပါမစ်ဖြင့် လျှောက်ထားမှု ၂၅ စောင်၊ ယာဉ်အို၊ ယာဉ်ဟောင်း အစီအစဉ်ဖြင့် ပါမစ် ၂၅ စောင်သာ လျှောက်ထားမှုရှိကြောင်း သိရပါတယ်။
“ဒီနှစ် ကားတင်သွင်းခွင့် မူဝါဒအသစ်နဲ့ ဝယ်ယူခွင့်ပါမစ် လျှောက်ထားရာမှာ ကားအရောင်းပြခန်း တွေက ၁,၄၄၄ စောင်နဲ့ ကားအရောင်းစင်တာတွေက ၄၁၉ စောင် လျှောက်ထားခဲ့ပါတယ်၊ တစ်ဦးချင်း အစီအစဉ်နဲ့ကတော့ ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ကပ် ၂၅ စောင်နဲ့ ဖရီးပါမစ် ၂၅ စောင် လျှောက်ထားခဲ့ပါတယ်၊ ဒီနှစ်ရဲ့ မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒအရ ကားအသစ်တင်သွင်းဖို့ မလွယ်ကူတော့တဲ့အတွက် မနှစ်ကလိုပဲ ဝယ်ယူခွင့်ပါမစ် လျှောက်ထားတဲ့ အရေအတွက်က ပိုများပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ ယာဉ်အို၊ ယာဉ်ဟောင်းအစီအစဉ်ဖြင့် တင်သွင်းသည့် လူစီးယာဉ်များကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ကုန်တင်ယာဉ်များ ကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း(ဘယ်မောင်း)၊ ခရီးသည် တင်ယာဉ်များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း (ဘယ်မောင်း) ကားများ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။
Source;Automobile Journal