ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားသည့် Brand New ကားအစီး နှစ်ရာကျော်ရှိ


YVQC စနစ် ထွက်ပေါ်မလာသေးသည့်အတွက် ယခုနှစ်အတွင်း ယာဉ်အို၊ ယာဉ်ဟောင်းစလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားသည့် Brand New ကားအစီး နှစ်ရာကျော်ရှိနေသည်။

ကားအရောင်းပြခန်းများမှ တင်သွင်းရောင်းချသော Brand New ကားများအား ယာဉ်အို/ဟောင်း စလစ်ကပ်၍ ရန်ကုန်လိုင်စင် လျှောက်ထားခွင့်ပြုခြင်းကို ၂၀၁၇ ခုနှစ်၊ မတ်လမှ စတင်ခွင့်ပြုခဲ့ရာ ထိုနှစ်အတွင်း ရန်ကုန်လိုင်စင်ဖြင့် စလစ်ကပ်ပြီး Brand New ကားအစီး ၂၇၀ ပါမစ်လျှောက်ထားခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အတွင်း၌လည်း ယာဉ်အို/ဟောင်း စလစ်ကပ်ပြီး Brand New ကား ၆၃၄ စီး ပါမစ် လျှောက်ထားခဲ့သည်။

ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူအသုံးပြုခွင့် YVQC စနစ် ထွက်ပေါ်မလာသေးသည့်အတွက်လည်း ယခုနှစ်အတွင်း စလစ်ကပ်ပြီး ပါမစ်လျှောက်ထားသည့် Brand New ကားအစီးရေ ပိုများလာသလို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ၇၁ စီး၊ ဖေဖော်ဝါရီလတွင် ၃၄ စီး၊ မတ်လ တွင် ၅၈ စီး၊ ဧပြီလတွင် ၃၉ စီး ရှိခဲ့သည်။

“ပုံစံ(ဃ) စလစ်ကပ်ပြီး ရန် ကုန်လိုင်စင် လျှောက်ထားခွင့်ပြု တာကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ် လကစပြီး ခွင့်ပြုပေးခဲ့ပါတယ်၊ ရန်ကုန်လိုင်စင်နဲ့ ဖရီးပါမစ်ကား ဝယ်ယူ အသုံးပြုခွင့်မူဝါဒ မထွက်သေးတဲ့အတွက် ဒီနှစ်မှာ စလစ်ကပ်ပြီး ဝယ်ယူခွင့်ပါမစ်လျှောက်တဲ့ Brand New ကားအစီးရေက ပိုများလာပါတယ်၊ ဒီနှစ်ထဲမှာ ပုံစံ (ဃ) စလစ် ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားတဲ့ ကားအစီး ၂၂၀ ရှိပြီး Brand ကြီးတွေဖြစ်တဲ့ BMW ၊ Volvo ၊ Mercedes စတဲ့ တန်ဖိုးကြီးကားတွေ များပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အ တွင်း Brand New ကားများ စလစ်ကပ်ပြီး ရန်ကုန်လိုင်စင် လျှောက်ထားရာတွင် ဇန်နဝါရီလ၌ ၆၅ စီး၊ ဖေဖော်ဝါရီလ၌ ၅၄ စီး၊ မတ်လ၌ ၃၃ စီး၊ ဧပြီလ၌ ၃၆ စီး၊ မေလ၌ ၅၅ စီး၊ ဇွန်လ၌ ၅၃ စီး၊ ဇူလိုင်လ၌ ၈၅ စီး၊ သြဂုတ်လ၌ ၅၄ စီး၊ စက်တင်ဘာလ၌ ၄၅ စီး၊ အောက်တိုဘာလ၌ ၄၂ စီး၊ နိုဝင်ဘာလ၌ ၆၄ စီးနှင့် ဒီဇင်ဘာလ၌ ၄၈ စီး ရှိကြောင်း သိရသည်။

 

Read 784 times